ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၅)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၂၇) : ညှိနှိုင်းခြင်း
" ဒါက အကြံကောင်းလို့တော့ မထင်ဘူး"
အားလုံးက ဤအစည်းအဝေး၏ အရှိန်အဟုန်ကို ဖျက်ဆီးလိုက်သည့်သူအား လှည့်ကြည့်လိုက်ကြသည်။ ထိုသူက မူလသင်္ကေတနန်းတော်မှ ဆန့်ကျင် ကျင့်ကြံသူဖြစ်သည့် အစီအရင်(၁) ဖြစ်နေသည်။
" ငါတို့ရဲ့ အပြုအမူတွေက တခြားအလွှာက ငါတို့အလွှာကို ကျူးကျော်တိုက်ခိုက်လာတာမျိုးအတွက် အကြံပြုထားတာ။ ဒါပေမဲ့ အခုထိ ဘာမှဖြစ်မလာသေးဘူးလေ။ ဘာလို့လှုပ်ရှားဖို့ လိုမှာလဲ" အစီအရင်(၁)က ရှင်းပြလိုက်သည်။
အားလုံးက သူ့အား ကြည့်ကာ တစ်ကမ္ဘာလုံး အကျိုးရှိမည့်ကိစ္စကို ဘာကြောင့်သဘောမတူတာလဲဟု စဉ်းစားနေကြ၏။ လူတချို့က ဤအရာသည် ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင် အစီအရင်ကို အသက်သွင်းထားရမည့် အရင်းအမြစ်ပမာဏများပြားမှုကြောင့် ဖြစ်လိမ့်မည်မှန်း မှန်းဆကြည့်မိသည်။
ထိုလူများ၏ မှန်းဆချက်က မှန်ကန်နေ၏။ အစီအရင်(၁)က မူလသင်္ကေတနန်းတော်သည် တဲတဲမျှရှိသည့် အခြေအနေမျှရှိကြောင်း သိထားလေသည်။ အသင်္ချေအင်ပါယာကမ္ဘာ၏ အစီအရင်တာအို တည်ထောင်သူအနေဖြင့် သူတို့သည် အဆင့်အတန်းမြင့်မားပြီး လေးစားခံရသည်။ ကံဆိုးစွာဖြင့် သူတို့ဂိုဏ်းတွင် မဟာဧကရာဇ်နှစ်ပါးသာ ရှိသည့်အချက်က မပြောင်းလဲသွားပေ။
ထို့ကြောင့် အရင်းအမြစ် ခွဲဝေမှုနှင့် ပတ်သက်လာသည့်အခါ မဟာဧကရာဇ်ငါးယောက်နှင့် အထက်ရှိသည့် ထိပ်တန်းဧကရာဇ်မျိုးနွယ်များအဖြစ် သတ်မှတ်ခံရမည်ကို စိုးထိတ်မိ၏။
" လူအများစုက သဘောတူတယ်ဆိုတော့ ခင်ဗျားရဲ့ ငြင်းဆန်မှုက အဓိပ္ပာယ်မရှိဘူး" ဝမ်ဝေ့က ကြေညာလိုက်သည်။
" ဒီမျိုးဆက်ရဲ့ လူငယ်တွေက အတော်လေးကို အတ္တကြီးပုံပဲ" အစီအရင်(၁)က ပြန်ပြောလိုက်သည်။