ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၅)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၂၉) : အောင်းရှန်
" သူက တစ်ခုခုကြံစည်နေတာပဲ" အောင်းရှန်က ပြောလိုက်သည် " ပြီးတော့ အရေးကြီးတဲ့အရာတစ်ခုခု ... တစ်ကမ္ဘာလုံးကို ဆွဲသွင်းထားလောက်တဲ့အထိအရာမျိုး။ ကောင်းကင်တာအိုကလည်း အဲဒီဟာရဲ့ အရိပ်အမြွက်ကို သိထားပြီးတော့ သူ့အပြုအမူတွေကို ထောက်ခံပေးနေတယ်"
" အဲလိုဆိုရင် သူ့ကို ခေတ်ကာလရဲ့ သားတော်အဖြစ် ရွေးချယ်လိုက်တာ ရှင်းပြပြီးသားဖြစ်သွားပြီ။ ဒါပေမဲ့ ငါတို့ နတ်ဆိုးမျိုးနွယ်က သူ့အစီအစဉ်မှာ ဘယ်ကဏ္ဍကနေ ဝင်ပါမှာလဲ"
" ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ မျိုးနွယ်စုတွေကြားမှာ သဟဇာတဖြစ်ဖို့ လိုတဲ့ပုံပဲ" အောင်းရှန်က ဆက်ပြောလိုက်သည်။
" ဒီလိုဆိုရင် ငါတို့တွေ မဟာမိတ်ကို ဘယ်လိုဆက်ဆံသင့်လဲ" ရွှေခြင်္သေ့ခေါင်းဆောင်က မေးလိုက်၏။
အောင်းရှန်က ချက်ချင်းပြန်မဖြေဘဲ မျိုးနွယ်စု၏ အနာဂတ်ကို စဉ်းစားလိုက်သည်။
သိုင်းပညာအုပ်စိုးသူကမ္ဘာတွင် ကုန်ဆုံးခဲ့သည့်အချိန်များက သူ့အတွက် အကျိုးကျေးဇူး အမြောက်အများ ရရှိခဲ့သည်။ ထိုနေရာသို့ ရောက်ရှိပြီးသည့်နောက်တွင် သူက ပုန်းအောင်းဖို့ သင်ယူခဲ့ပြီး ကျွမ်းကျင်လာခဲ့သည်။ သို့သော် ဖြည်းဖြည်းချင်းဖြင့် သူ့ဇစ်မြစ် ပေါက်ကြားသွားကာ ထွက်ပြေးဖို့ ဖိအားပေးခံခဲ့ရသည်။
အောင်းရှန်က ဆက်တိုက်ထွက်ပြေးကာ အသက်ရှင်ရင်းဖြင့် ပိုမိုအားကောင်းကာ ဉာဏ်များပြီး အကွက်ကျကျ စီစဉ်တတ်လာသည်။ သူ့ဆီမှ ဘာမှမလိုချင်ဘဲ လိုလိုလားလား ကာကွယ်ပေးသည့် ဧကရာဇ်မျိုးနွယ်တစ်ခု၏ ယုံကြည်မှုကို ရယူကာ ကြာကြာအသက်ရှင်နိုင်ခဲ့သည်။ သူက ကံအပြောင်းအလဲ အခွင့်အရေးများစွာကိုလည်း လက်ခံရရှိခဲ့၏။
" မဟာမိတ်က ကျုပ်တို့အတွက် မျက်နှာသာပေးထားတဲ့ပုံပဲ။ ဒါပေမဲ့ ကျုပ်တို့အဖွဲ့ဝင်တချို့ရဲ့ အငြိုးတရားတွေကို လျော့ပါးအောင် လုပ်ရမယ်"