ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၇၁) ယီလျန်ချန်း
"တပ်ဖွဲ့တွေကို တတ်နိုင်သမျှ ဝေးဝေးကို ခေါ်သွား" ဝမ်ဝေ့က အနောက်တောင်ဘက်ကို မပျံသန်းသွားခင် ပြောလိုက်သည်။
သူက ယွီလျန်ချန်းသည် စစ်တပ်သားတစ်ယောက်ကို သယ်ဆောင်ပြီး လာနေသည်ကို မြင်လိုက်ရ၏။ သူ့ကို သတိထားမိပြီးသည့်နောက်တွင် ထိုသူက တပ်သားကို ပစ်ချကာ ရပ်တန့်လိုက်သည်။
ဝမ်ဝေ့က ယွီလျန်ချန်းကို ယခင်ကထက် နီးနီးကပ်ကပ် လေ့လာလိုက်ပြီးသည့်နောက် သူ့ဝန်းကျင်ရှိ ကြက်သီးထဖွယ် လေထုသည် ပိုမိုပြင်းထန်လာကြောင်း သဘောပေါက်သွားသည်။ ထို့အပြင် သူက အန္တရာယ် အငွေ့အသက်တချို့ကို ခံစားမိနေ၏။ အတိအကျပြောရလျှင် မရဏအငွေ့အသက်များက သူ့ကို လွှမ်းခြုံထားသည်။
"မင်းက ငါ့အတွက် ရောက်လာတာလား" သူက မေးလိုက်သည်။
"ဒါပေါ့" ယွီလျန်ချန်းက နှုတ်ခမ်းသပ်ကာ ပြောလိုက်၏။
"ငါ့ကို သားကောင်းအဖြစ် သတ်မှတ်တယ်ဆိုတော့ စိတ်ဝင်စားစရာပဲ " ဝမ်ဝေ့က မှတ်ချက်ပေးလိုက်၏။
"မင်းက လေလုံးမကြီးဖို့ဘဲ မျှော်လင့်တယ်"
"မင်း သိလာပါလိမ့်မယ်။"
ဘန်း
ဝမ်ဝေ့က သူ့ရှေ့မှာ ချက်ချင်းဆိုသလို ပေါ်ထွက်လာပြီး လက်သီးဖြင့် ထိုးချလိုက်ကာ သူ့ခန္ဓာကိုယ်ကို ပေါက်ကွဲထွက်သွားစေပြီး အစိမ်းရင့်ရင့်သွေးများက နေရာအနှံ့ ပြန့်ကျဲသွားစေသည်။ ထို့နောက် သူက သွေးများကို ရှောင်ရှားဖို့ နောက်ပြန်ဆုတ်လိုက်၏။ သူက လောင်ကျွမ်းရာ အနည်းငယ် ရှိနေသည့် သူ့လက်ကို ကြည့်လိုက်မိသည်။
တိုက်စားနိုင်တဲ့ သွေးလား...
အစိမ်းရင့်ရင့်သွေးက ဆက်လက်မကျတော့ဘဲ အသိရှိနေသည့်အလား လှုပ်ရှားလာကြသည်။ သူတို့က ပုံသဏ္ဌာန်တစ်ခုအဖြစ် ဖွဲ့စည်းသွားသော်လည်း လူသားအသွင် မဟုတ်ပေ။ ထိုအရာက လက်တံရာချီနှင့် မီတာ ၅၀ ရှိသည့် ကင်းမွန်ကြီးတစ်ကောင်အသွင် ဖြစ်၏။