ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၅၂) : အသက်မဲ့နယ်မြေ
ဝမ်ဝေ့က အသက်မဲ့နယ်မြေ အပြင်ဘက် ကူးပြောင်းတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။ ထို့နောက် သူက နောက်ကျမည်ဖြစ်၍ အဖွဲ့ကို အရင်သွားဖို့ ပြောလိုက်၏။ နာရီဝက်ကြာမြင့်ပြီးသည့်နောက်တွင် သူက ရောက်ရှိလာသည်။
" တစ်ခုခုဖြစ်လို့လား" လီကျွင်းက မေးလိုက်၏။
" မဟုတ်ဘူး။ ငါ့ရဲ့ တွင်းနက်ကြီး ဖွဲ့စည်းနှုန်းတွေကို မြှင့်တင်ပေးနိုင်တဲ့ အခွင့်အရေးတစ်ခုကို ခံစားမိလို့။ အဲဒါကြောင့် သွားယူတာ" ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်လိုက်၏။ တိမ်တိုက်များက အနီရောင်သန်းနေပြီး မြေကြီးက မရဏမီးခိုရောင် ဖြစ်နေလေသည်။ သူက ပတ်ဝန်းကျင်မှ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အလွယ်တကူ တိုက်စားနိုင်သည့် ကြောက်မက်ဖွယ် အငွေ့အသက်မျိုးကို ခံစားမိလိုက်သည်။
မိုးမြေ၏ စည်းမျဉ်းများက ဖရိုဖရဲဖြစ်နေကာ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နှင့် သူတော်စင်အဆင့်များကို ဤနေရာ၌ အသုံးမဝင်လုနီးပါး ပြုလုပ်ထား၏။ အာကာပြင်က ဖရိုဖရဲဖြစ်နေသည့်အတွက် သာမန်နည်းလမ်းဖြင့် ကူးသန်းသွားလာခြင်းကို တားဆီးထားသည်။
" တကယ်ကို ဆိုးရွားတဲ့နေရာပဲ" ဝမ်ဝေ့က ပြောလိုက်၏။ သူက မနီးမဝေးတွင် ဧရာမအနီရောင် တံခါးချပ်ကြီးကို မြင်လိုက်ရသည်။ ကောင်းကင်ရွေးချယ်ခံအားလုံးက ထိုနေရာတွင် စုဝေးနေကြ၏။
" တကယ်လား။ ကျွန်တော်တော့ ကြိုက်တယ်" လီကျွင်းက ပြောလိုက်၏။
" ရှင်ကတော့ ကြိုက်မှာပေါ့။ ဒီနေရာက ရှင့်အတွက် ကောင်းကင်ဘုံလို ဖြစ်နေမှာလေ။" ယန်းလီလင်းက ပြောလိုက်၏။ ထိုအန္တရာယ်များသည့် အငွေ့အသက်များက သတ်ဖြတ်ရေးတာအိုကို ကျင့်ကြံသည့်သူ တစ်ယောက်အတွက် အားဖြည့်ဆေး ဖြစ်၏။