ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၆၇) : ကံကြမ္မာကို သတ်ဖြတ်ခြင်း
ဖန်းလီကျွမ်းက အချိန်မဖြုန်းဘဲ သူမနှင့် ဆင်တူသော်လည်း ပတ်ဝန်းကျင်တွင် ထူးဆန်းသည့် အငွေ့အသက်မျိုး ရှိထားသည့် ဓမ္မခန္ဓာကိုယ်ကို အသက်သွင်းလိုက်သည်။ ထိုအရာက မတည်ရှိသလိုမျိုး ထင်ရကာ ကိုယ်ပျောက်နေ၏။
လီကျွင်းကလည်း သူမအတိုင်း လိုက်လုပ်ကာ သူ့ဓမ္မခန္ဓာကိုယ်ကို ဆင့်ခေါ်လိုက်သည်။ သူ့မျက်ဝန်းတွင် ဖုံးကွယ်ထားသည့် သွေးဆာမှုတို့ ပါဝင်နေ၏။
" ပြောစမ်းပါဦး။ ရှင် မမြင်နိုင်တဲ့အရာကို ဘယ်လိုသက်ရောက်မှု ရှိစေမှာလဲ။"
လီကျွင်းက ချက်ချင်းဆိုသလို ဖန်းလီကျွမ်းကို မမြင်ရတော့ပေ။ သူမက ကိုယ်ပျောက်သွားပြီး ကမ္ဘာကြီးထံ မတည်ရှိတော့သည့်အလား ဖြစ်လာ၏။
" နတ်ဘုရားဆီကနေ ပုရွက်ဆိတ်က ဘယ်လိုလုပ် ပုန်းအောင်းနိုင်မှာလဲ။ ကံဆိုးတာက သေခြင်းတရားဆီကနေ လွတ်မြောက်နိုင်တဲ့ သက်ရှိဆိုတာ မရှိဘူး။" သူ့ဓမ္မခန္ဓာကိုယ်က ဖန်းလီကျွမ်း၏ တည်နေရာထံ ရွှေရောင်လှံကို ထိုးချလိုက်သည်။
အရိပ်လွတ်မြောက်ခြင်း
သူမက အဝေးတစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာပြီး တိုက်ကွက်ကို ရှောင်လိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို ဖန်းလီကျွမ်းက ဤတိုက်ပွဲသည် သူမ ထင်ထားသလိုမျိုး လွယ်ကူမည် မဟုတ်ကြောင်း သိလိုက်သည်။
" အရိပ်တာအိုလား။ အရင်တစ်ခါက်ကထက် တိုးတက်လာသားပဲ" လီကျွင်းက ပြောလိုက်သည်။
ဖန်းလီကျွမ်းက ပြန်မဖြေပေ။ သူမသည် ယခင်က မောက်မာခဲ့သော်လည်း သူမ၏ သွေးမျိုးဆက်၏ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး ဤမျိုးဆက်တွင် ကိစ္စများစွာ ကြုံတွေ့ပြီးသည့်နောက်တွင် အံ့ဖွယ်မျိုးနွယ်၏ နစ်နာစေသည့် အတွေးအခေါ်များကို ဆုပ်ကိုင်ထားလောက်အောင် မတုံးအတော့ပေ။ သူမက သူမဘာသာသူမ ကျေနပ်အားရလောက်အောင် မည်သို့တိုးတက်အောင် လုပ်ရမည်ကို သိလာခဲ့၏။ မဟုတ်ပါက သူမအတွက် စောင့်ဆိုင်းနေသည့် တစ်ခုတည်းသော ကံကြမ္မာက သေခြင်းတရားသာ ဖြစ်၏။