ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၆၈) : ကံကောင်းမှု ကိုယ်ထင်ပြခြင်း
လီကျွင်းက သူ့လက်ထဲမှ လှံကို ကြည့်ကာ အကြည့်များက အရင်တုန်းကထက် ပိုမိုတောက်ပလာသည်။ သူ့စိတ်ထဲမှ အတားအဆီးကို ဖယ်ရှားပစ်လိုက်သလိုမျိုး ကြည်လင်လာ၏။ သူ့စိတ်က တွေးမိနေတာ ဖြစ်နိုင်သော်လည်း သူ့အသက်ရှူနှုန်းက ပိုမိုချောမွေ့လာကာ လေထုကပင် လန်းဆန်းလာပြီး ကမ္ဘာကြီးက ယခင်ထက် ပိုမိုရောင်စုံလာကြောင်း ခံစားမိလိုက်သည်။
သူက ဖန်းလီကျွမ်းအား ကြည့်ကာ "မင်းကို ကျေးဇူးတင်ရမှာပဲ"
"မဖြစ်နိုင်တာ။ ကျွန်မ နိုင်သင့်တာလေ" ဖန်းလီကျွမ်းက ပြန်လည်ချေပလိုက်၏။
"ဒါပေမဲ့ မင်း မနိုင်ဘူး"
"ဒါက မတရားဘူး" ဖန်းလီကျွမ်းက အော်ပြောလိုက်သည်။
"ရှင် ဒီလောက်အားကောင်းနေတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက သူ့ကြောင့်ပဲ။ မတရားဘူး"
"ကိုယ်ပျောက်အဆောင် မရှိဘဲနဲ့ မင်းကရော ဒီနေ့လို အောင်မြင်မှုမျိုး ဘယ်တော့မှရမှာ မဟုတ်ဘူး" လီကျွင်းက ပြန်လည်ချေပလိုက်၏။
"မင်းက အံ့ဖွယ်မျိုးနွယ်ရဲ့ သွေးမျိုးဆက် ကန့်သတ်ခံထားရတဲ့ သာမန်အဖွဲ့ဝင် တစ်ယောက်ပဲ။ ကံကောင်းမှုနဲ့ ကံကြမ္မာကြောင့်သာ လမ်းစဉ်ပြောင်းသွားတာ"
ဖန်းလီကျွမ်းက မည်သို့ ပြန်ဖြေရမည်မှန်း မသိတော့ပေ။ သူမက ရှုံ့တွကာ အိုမင်းနေသည့် လက်ကို ကြည့်လိုက်ပြီး သူမ မွေးဖွားလာကတည်းက ဘဝကို ပြန်လည်တွေးတောမိသွားသည်။ သူမက အံ့ဖွယ်တာအိုမျိုးနွယ်ကို ပြန်လည်အသက်ပြန်သွင်းဖို့ ဝန်ထုပ်ကို စဉ်းစားလိုက်မိသည်။
သူမက သူမသာ ပါရမီအလုံအလောက်ကို မပြသနိုင်ပါက လက်ထက်ပွဲအတွက် အသုံးချပစ္စည်းအဖြစ် ချနင်းခံရမည်ကိုလည်း အမှတ်ရလိုက်သည်။