ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၉)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၈၄) : စိတ်ရှင်းသွားခြင်း
ဝမ်ဝေ့က တောင်တစ်လုံးဆီ ကူးသန်းလာလိုက်သည့်အခါ တစ်စုံတစ်ယောက်က သူ့အား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။ သူမကို မြင်လိုက်သည်နှင့် သူမ၏ တည်ရှိမှုက ပတ်ဝန်းကျင်တစ်ခုလုံးကို တန်ဆာဆင်မွမ်းမံထားသကဲ့သို့ ကမ္ဘာကြီးပင် တောက်ပသွားသည့်ဟန်ပေါ်သည်။
"မိန်းကလေးရှုရှစ် အမြဲတမ်းလှနေတာပါ့ရော"
"ကျေးဇူးပါ။ ဒါပေမဲ့ ရှင်က တကယ်ပြောတာလား ဒါမှမဟုတ် လောကဝတ်အနေနဲ့ ပြောတာလား"
"တကယ် ပြောတာပါ"
"ရှင့်ကို ယုံကြည်ဖို့တော့ ခက်သား"
ဝမ်ဝေ့က ပြုံးကာ သူမအား ထိုင်ဖို့ လက်ဟန်ပြလိုက်ပြီးသည့်နောက်တွင် စားပွဲခုံတစ်လုံးနှင့် အဖန်ရည်အိုးတို့ကို ဖန်တီးလိုက်သည်။
"ရှင်းလင်းရေးတုန်းက မမြင်မိလို့ အံ့ဩနေမိတာ။ အခုတော့ ဘာကြောင့်လဲဆိုတာကို နားလည်သွားပြီ"
ဝမ်ဝေ့က သူမကို မြင်တွေ့ပြီးသည့်နောက်တွင် အကြောင်းအရင်း ၂ခုကို သဘောပေါက်သွားခဲ့၏။ ပထမတစ်ခုက သူမသည် ယခင်ကစားပွဲ၏ စံနှုန်းအရ အကြွင်းမဲ့ဘုရင် ဖြစ်သင့်ပေသည်။ သူမ၏ အင်အားက ယင်ကန်းနှင့် တူညီပြီး ပွင့်ချပ်ငါးလွှာအဆင့် ရှိ၏။ သူမက အထွတ်အထိပ်နယ်ပယ်အဆင့်တွင် ရှိနေသော်လည်း ကြီးထွားဖို့ အခွင့်အရေး ရှိနေသေးသည်။
ဒုတိယအကြောင်းအရင်းက သူမ၏ အရှိန်အဝါသည် အသင်္ချေအင်ပါယာကမ္ဘာမှ မဟုတ်ဘဲ နယ်ခြားတစ်ယောက် ဖြစ်နေသည့်အတွက် သူမသည် ကမ္ဘာသားတစ်ယောက် မဟုတ်တော့ပေ။
"ကိစ္စတွေအများကြီး ပြောင်းလဲသွားတယ်" ရှုရှစ်က ပြန်ပြောလိုက်၏။
"ကျုပ် သိပါတယ်။ မင်းက ပိုပြီးတော့ ယုံကြည်ချက်ရှိပြီးတော့ လွတ်လပ်သွားသလိုပဲ" ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်လိုက်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်သည်။