ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၄)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၀၈) : အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း အပိုင်း (၄)
လူငယ်လေး၏ အခြွေအရံသင်းပင်းများက သူ့အား တားဆီးလိုသော်လည်း ဝမ်ဝေ့ကို စိတ်အနှောင့်အယှက် ပေးမိမည်ကိုလည်း စိုးရိမ်ကြသည်။ ထို့ကြောင့် သူတို့က ကြောင်အမ်းအမ်းဖြင့် ရပ်တန့်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
ထိုစဉ် ဝမ်ဝေ့က ဒူးထောက်နေသည့် လူငယ်လေးအား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်၏။
" မင်းက မင်းသား (၄) ခန်းရုံလား"
" ဟုတ်ပါတယ်"
" စိတ်ဝင်စားစရာပဲ။ ငါ့ဆီကို အကူအညီလာတောင်းတာလဲ။ ငါက မင်းတို့တော်ဝင်မိသားစုနဲ့ ဘာမှပတ်သက်စရာ မရှိဘူး"
ခန်းရုံက အံကြိတ်လိုက်ပြီးနောက် ပြောလိုက်သည်
" ကျုပ်က ဘုရင် ဖြစ်ချင်တယ်"
" အရှင့်သား" သူ့ အခြွေအရံသင်းပင်းများက တစ်ယောက်ယောက်များ ကြားသွားလားဟု ဘေးပတ်လည်ကို ကြည့်ကာ ခေါ်လိုက်ကြသည်။ တစ်ယောက်မှ မမြင်ရသော်လည်း သူတို့က စိုးရိမ်နေကြဆဲ ဖြစ်၏။ ပြောရလျှင် ထိုစကားများကို ပုန်ကန်မှုအဖြစ် မှတ်ယူကာ သူတို့အပါအဝင် သူတို့သခင်၏ သေခြင်းတရားကိုပါ ဖြစ်စေနိုင်သည် မဟုတ်ပါလော။
ခန်းရုံက လျစ်လျူရှုထားကာ ဆက်ပြောလိုက်သည်။ သူက ဤသည်မှာ သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း နားလည်ထား၏။ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသားလောက် အားကောင်းသည့်သူ တစ်ယောက်ကို ပြောသည့်အခါ သူ့အနေနှင့် အခွင့်အရေးရရှိဖို့ တိုက်ရိုက်ပြုမူရမည်။
" မသေမျိုးအရှင်လိုမျိုး ကြီးကျယ်မြင့်မြတ်တဲ့သူက လောကီရေးရာတွေမှာ စိတ်မဝင်စားဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျုပ်အတွက်က ဒါက အကုန်လုံးပါ"
" မင်း မှားနေပြီ။ အကြောင်းအရင်းဆိုတာရှိလို့ ငါ့ဆီမှာ ဒီလောက် ချမ်းသာနေတာပေါ့"