ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၅၇) : ကစားပွဲစတင်ခြင်း
" ဘယ်လိုအခြေအနေ ရှိလဲ" ဝမ်ဝေ့က အခန်းအတွင်း ဝင်လာပြီးနောက် မေးလိုက်သည်။
" အကြီးအကဲတွေကို တပ်ဖွဲ့အတွက် တောင်းဆိုထားတယ်။ အခု စည်းမျဉ်းတွေကို သုံးသပ်နေကြတာ" လီကျွင်းက ပြောလိုက်၏။
" အစ်ကိုကြီးဘက်ကရော အကုန်အဆင်ပြေရဲ့လား"
" ဖြေရှင်းပြီးသွားပြီ။ ဒါနဲ့ မင်းတို့တွေ ဒီလောက်ထိ ဘာတွေလုပ်နေကြတာတုန်း"
" အခုဖော်ပြချက်အရဆိုရင် အကြံပေးက အသုံးမဝင်ဆုံး ဇာတ်ကောင် ဖြစ်မယ်တူတယ်။ ဒါပေမဲ့ ဇာတ်ကောင်တွေ ပေါ်ထွက်လာတဲ့အခါမှာ ဒုတိယမြောက် ဖြစ်နေတယ်။ ပြီးတော့ အထွေထွေဆိုတဲ့ အဓိပ္ပာယ်က ဘာကိုပြောချင်တာလဲ မသိဘူး" ယန်းလီလင်းက ပြောလိုက်၏။
" ဘုရင်ကပဲ ပျံသန်းနိုင်တယ်ဆိုရင် တိုက်ပွဲတွေက ပြောင်းလဲနိုင်စွမ်း နည်းသွားမှာပဲ။ အဲဒါက ကောင်းလည်းကောင်းတယ်၊ ဆိုးလည်းဆိုးတယ်" လီကျွင်းက ပြောလိုက်၏ " ပြီးတော့ ဘုရင့်ဆီမှာ နောက်ထပ် တားမြစ်ချက်တွေရှိမဲ့ပုံပဲ"
" အဲဒီစကားကို စိုးရိမ်နေမိတာ။ ဘုရင်က စစ်သူကြီး၊ အကြံပေး၊ တပ်သားနဲ့ တခြားသူတွေကို သတ်လို့မရဘူးဆိုတော့ အဲဒီတခြားသူဆိုတာ ဘာကို ပြောချင်တာလဲ။ ကျုပ်တို့ မသိသေးတဲ့ တခြားဇာတ်ကောင်တွေ ရှိနေသေးတာလား" ထျဲ့ကန်က ပြောလိုက်၏။
" တပ်သားတွေက မပျံသန်းနိုင်သလို ကူးသန်းမသွားလာနိုင်ဘူးဆိုရင် မြင်းတို့၊ နတ်ဆိုးမျိုးနွယ်တို့လိုမျိုး ကူးသန်းပို့ဆောင်ရေးပုံစံ သုံးဖို့ လိုလာလိမ့်မယ်။" လီကျွင်းက ပြောလိုက်၏ " အဲဒါက အကြံပေးရဲ့ အလုပ်တစ်ခု ဖြစ်မယ်တူတယ်။ ထောက်ပံ့ပို့ဆောင်ရေးထဲမှာဆိုရင်တော့ အင်အားနဲ့ တခြားအရာတွေကို ပြန်လည်ဖြည့်ဖို့၊ တိုးမြှင့်လာစေဖို့ ဆေးလုံးတွေ ပါလောက်တယ်"