ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၈) ပြီးပါပြီ
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၇၂) စိတ်ဝိညာဥ်ဇစ်မြစ်ဂိုဏ်း
ဝမ်ဝေ့က သူ့ကို ကြည့်လိုက်ပြီးသည့်နောက်တွင် သူတို့တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်ပြီး စိတ်ဝိညာဥ်အုတ်မြစ် ပျောက်ဆုံးသွားသည့် သူတစ်ယောက်ကို မြင်လိုက်ရသည်။ ဝမ်ဝေ့က ဘာမှမပြောဘဲ နောက်ထပ် ဖျက်ဆီးရေး စွမ်းအင်လုံးကိုသာ ဖန်တီးလိုက်၏။
"မင်း ဘာလုပ်လိုက်တာလဲ။ ငါ့အရှင်ကို ဘာလို့မခံစားမိတော့တာလဲ။" ယီလျန်ချန်းက အော်ပြောလိုက်သည်။
"ငါ့ဆီ ပြန်ပေး။ ငါ့အရှင်ကို ငါ့ဆီ ပြန်ပေး။ သူက ငါ့အတွက် အရာအားလုံးပဲ။ ငါ့ဆီ ပြန်ပေး။"
"မင်းကို သနားတယ်လို့တောင် မပြောနိုင်ဘူး။" ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက် ခေါင်းခါလိုက်သည်။
"သတင်းအချက်အလက်တွေ ရဖို့ မင်းရဲ့ ဝိညာဥ်ကို ရှာဖွေကြည့်ချင်ပေမဲ့ မင်းနဲ့ မင်းသခင်ကြားမှာ ဝင်စွက်ဖက်ပြီး မလိုလားအပ်တဲ့ စတေးမှုမျိုးတွေ ဖြစ်မလာချင်ဘူး။ အဲဒါကြောင့် ပျောက်ကွယ်သွားလိုက်တော့။"
ဝုန်း
ယီလျန်ချန်းက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပြီး အမှုန်အမွှားပင် မကျန်ရှိတော့ပေ။ အကယ်၍ ဝမ်ဝေ့သာ တတ်နိုင်ပါက သူသည် ထိုလူ၏ တည်ရှိမှုကို ပယ်ဖျက်ပစ်ဖို့အထိ လုပ်ဆောင်မိလိမ့်မည်။
ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် ထိုလူသည် သေဆုံးသွားကာ အမှားအယွင်း မရှိကြောင်း သေချာအောင် စစ်ဆေးကြည့်လိုက်၏။ သူ စိတ်အေးသွားသည်နှင့် ဇာတ်လိုက်ဖြစ်နေသည့် အကြောင်းအရင်းကို ဆက်လက် တွေးတောလိုက်သည်။
သူက ကံကောင်းမှု၊ ကံကြမ္မာသားတော်နှင့် ခေတ်ကာလသားတော် ဟူသော သဘောတရားများကို နက်နက်နဲနဲ နားလည်ထား၏။ သို့သော် သူ့အခြေအနေက ကွဲပြားနေပြီး ဘဝဖြစ်ရပ်များထက် မြင့်မားသည့် အရာများကို ဆွဲဆောင်မိသလို ဖြစ်နေသည်။ တခြားနည်းဖြင့်ဆိုရလျှင် သူက အန္တရာယ်သံလိုက်တစ်ခု ဖြစ်နေ၏။ သူက သေမျိုးမျှသာ ရှိသေးသော်လည်း တားမြစ်ချက် ၄ခုနှင့် ဆက်နွယ်မိသွားလေပြီ။ ထိုအရာများက စံပြများပင် ထိတွေ့ဖို့ လိုလိုလားလား လိုက်လံရှာဖွေနေသည့်အရာများ ဖြစ်၏။ ထို ၄ခုက သူသိထားသည့်အရာများသာ ဖြစ်ပြီး မသိသေးသည့်အရာများနှင့် တိတ်တဆိတ် ဆက်နွယ်နိုင်ချေလည်း ရှိနေသေးသည်။