ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၆၅) : သစ္စာဖောက်
ပျင်းရိခြင်းက လူသားနှင့်တူသည့် အမျိုးသားငယ်တစ်ဦးဖြစ်ပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ တစ်ခုတည်းသော ကွဲပြားချက်က သူ့မျက်ဝန်း ဝန်းကျင်တွင် အဝတ်အစတစ်ခုဖြင့် ရစ်ပတ်ထားပြီး မျက်ဆံအိမ်သာရှိပြီး မျက်လုံး မရှိသည့်အချက်ကို ဖုံးထားလေသည်။ သူက မျက်လုံးမဲ့မိစ္ဆာမျိုးနွယ်မှ ဖြစ်၏။
" သေသွားပြီလား" သူက သူ့အရှေ့မှ အလောင်းကို ကြည့်ရင်း သူ့ဒေါသကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်ရသည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် စစ်သူကြီး(၁)၏ ခန္ဓာကိုယ်အတွင်း ထူးဆန်းသည့် ပိုးကောင်တစ်ကောင်ကို ထည့်သွင်းလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုသူ၏ ခန္ဓာကိုယ်က အသက်ပြန်ရှင်နေသကဲ့သို့ လှုပ်ရှားလာ၏။
" ဘာဖြစ်ခဲ့တာလဲ"
" ကျွန်တော်တို့... တပ်ဖွဲ့တွေက... သုတ်သင်ခံလိုက်ရပါတယ်"
" ဘယ်လိုလဲ။ အစီအစဉ်က ပြီးပြည့်စုံနေတာလေ"
" ကျွန်တော်တို့ ရန်သူက ..." သူက စကားမဆုံးခင် သူ့ခန္ဓာကိုယ်မှ အရိပ်လှံတစ်ခု ထွက်ပေါ်လာကာ ပျင်းရိခြင်း၏ လည်ပင်းဆီ ကျရောက်လာသည်။ သူက အနည်းငယ် တိမ်းစောင်းရှောင်လိုက်သော်လည်း သူ့ပါးပြင်အထက် ဒဏ်ရာအနည်းငယ် ရရှိသွား၏။ ပျင်းရိခြင်းက စစ်သူကြီး(၁) ဖြည်းဖြည်းချင်း ပျက်သုဉ်းသွားသည်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။
" အရမ်းသတိထားတာပဲ။ ကောင်းပြီ" သူက အံကြိတ်ကာ ရေရွတ်လိုက်၏။ သူက ဘုရင်အဆင့်အတန်းကို အသုံးပြုကာ ကြေးမုံတစ်ခုကို ဖန်တီးလိုက်ပြီး အစိမ်းရောင် အစက်အပြောက်များစွာကို မြင်လိုက်ရသည်။ သို့သော်လည်း စက္ကန့်ပိုင်းနှင့်အမျှ အနီရောင် အစက်အပြောက်များစွာက ပျောက်ကွယ်သွားသည်။