ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၉)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၈၁) : ကောင်းကင်တာအိုနှင့် စကားဝိုင်း
ဝမ်ဝေ့က မော့ယွမ် ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း သက်ပြင်းသာချလိုက်၏။ သူက လက်နှစ်ဖက်ယှက်ကာ အရိုအသေပြုလိုက်သည်။ သူက တူညီသည့် လမ်းစဉ်ကို လျှောက်လှမ်းနေသည့် စီနီယာတစ်ယောက်ကို လေးစားမှုပြလိုက်ခြင်း ဖြစ်၏။ နောက်အနာဂတ်တွင် သူ့ကံကြမ္မာကလည်း အတူတူ ဖြစ်နေနိုင်သည်။ ပြောရလျှင် တစ်ခုတည်းသော ကွဲပြားမှုက သူ့အတွက် ထိုအရာက အဆုံးသတ်ဖြစ်လျှင်ပင် သူက တစ်ယောက်တည်း ဖြစ်နေမည်မဟုတ်ပေ။ အနည်းဆုံးတော့ သူက ထိုသို့ဖြစ်ဖို့ရာ မျှော်လင့်ထား၏။
သူက ဒေါသ၏ ပိုင်နက်ကို လှမ်းကြည့်လိုက်ပြီးသည့်နောက် နဂိုရည်ရွယ်ချက်ဖြစ်သည့် ကောင်းကင်တာအိုကို လှမ်းဆက်သွယ်လိုက်သည်။ သိပ်မကြာခင် ဝမ်ဝေ့က ဖြူစွတ်နေသည့် နေရာလွတ်တစ်ခုအတွင်း ရောက်ရှိသွားပြီး ဧရာမမျက်လုံးကြီးက သူ့အား ကြည့်နေသည်ကို မြင်လိုက်ရသည်။
[ သားတော်အတွက် ဘာလုပ်ပေးရမလဲ]
သားတဲ့လား။ အင်းပေါ့ အသင်္ချေအင်ပါယာကမ္ဘာရဲ့ သက်ရှိတိုင်းက ကောင်းကင်တာအိုရဲ့ ကလေးတွေပဲလေ...
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုအရာကို အမေ၊အဖေ ခေါ်မည် မဟုတ်ပေ။ သူတို့ဆက်ဆံရေးကလည်း လတ်တလောမှ တိုးတက်လာပြီး ယနေ့လိုအထိ ဖြစ်လာခြင်း ဖြစ်၏။ ထပ်မံ၍ ပျက်ပြားသွားနိုင်သေးသည်။
"မိစ္ဆာကိုးပါးနတ်ဘုရားကမ္ဘာနဲ့ ပူးပေါင်းဖို့အတွက် ငြင်းဆန်ဖို့ ဖျောင်းဖျချင်တာပါ" ဝမ်ဝေ့က ပြောလိုက်သည်။
[ဘာလို့ အဲ့လိုလုပ်ရမှာလဲ။ ပေါင်းစည်းမှုက ကမ္ဘာ့အရင်းအမြစ်ကို ပိုအားကောင်းစေပြီးတော့ ကမ္ဘာအတွက် အကျိုးကျေးဇူးရှိလာလိမ့်မယ်]
"ဒါပေမဲ့ ဆိုးကျိုးကရော။ မိစ္ဆာမျိုးနွယ်ကို ဒိုင်မေးရှင်းအနိမ့်မှာရှိတဲ့ အလွှာတိုင်းက မုန်းတီးနေကြတာ။ ကျုပ်တို့က သူတို့ကို လက်ခံလိုက်မှန်းသိရင် အများစုက ဆန့်ကျင်ကြမှာပဲ"