ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၅၀)
မူရင်းရေးသားသူ - lazySageDaoဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၈၇) : အနာဂတ်
ဂိုဏ်းက မှားယွင်းနေပြီ...
စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၏ သခင်လေးဟယ်ရှစ်ယီက တွေးလိုက်မိသည်။ သူ၏ ကိုယ်ပျောက်ဝတ်ရုံအောက်တွင် တိထျန်း ထွက်သွားသည်ကို မျက်မှောင်ကြုတ်လျက် ကြည့်နေမိသည်။
အသင်္ချေအင်ပါယာကမ္ဘာက ဒီလိုမကောင်းဆိုးဝါးမျိုး ရှိနေမှတော့ အစီအစဉ်က အစကတည်းက မှားယွင်းနေခဲ့တာပဲ...
သူက မလုံမလဲ အပြုံးဖြင့် ခေါင်းအသာယမ်းလိုက်သည်။ ထိပ်သီးပွင့်ချပ် ၆လွှာ ထာဝရအရှင်အဆင့်ဖြင့်ပင် သူက ထိုသူရှေ့တွင် ဘာမှမဟုတ်ကြောင်း သိလေသည်။ သူက ကျင့်ကြံဆင့်တွင် နောက်အဆင့် တက်လှမ်းပြီးသည့်နောက် ပွင့်ချပ်၇လွှာ ကန့်သတ်ချက်သို့ ရောက်ရှိလိမ့်မည်။
ဂိုဏ်းက သူ့အား အသင်္ချေအင်ပါယာကမ္ဘာမှ ပါရမီရှင်များကို အဆုံးသတ်ပစ်ဖို့ စေလွှတ်လိုက်သော်လည်း သူ၏ ဘေးကင်းမှုကို စိုးရိမ်ကာ ဤသို့အားကောင်းသည့် ပုန်းအောင်းရေး နည်းလမ်းကို ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
ဒါတွေက ဘာမှမဟုတ်သေးဘူး...
ဟယ်ရှစ်ယီက တွေးလိုက်မိသည်။ ဂိုဏ်းက လျှို့ဝှက်စွမ်းအားဖြင့် တခြားကမ္ဘာ့အသိုက်အဝန်းမှ ပါရမီရှင်အမြောက်အများကို မျှားခေါ်ပြီး ဤကုန်းမြေသို့ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် သူတို့က ပျက်စီးနေသည့် ကောင်းကင်ဘုံအဆင့် အသုံးအဆောင်ပစ္စည်းကို အသုံးပြုကာ ဧကရီဝူ၏ စည်းတံဆိပ်ကို ကျော်လွှားခဲ့ပြီး ဤကုန်းမြေ၏ ကောင်းကင်တာအိုကို ဖျက်ဆီးပစ်ခဲ့သည်။
ဤသို့အားစိုက်ထုတ်မှုများနှင့် အဖိုးတန် အရင်းအမြစ်မြောက်များစွာ အသုံးပြုထားသော်လည်း ရလဒ်က အကျိုးမရှိပေ။
ဟယ်ရှစ်ယင်က ဤကုန်းမြေအထက်ရှိ မမြင်နိုင်ဖွယ် အစီအရင်နှင့် ကံကြမ္မာမြစ်ကြောင်းကို ခေါင်းမော့ကြည့်လိုက်၏။