ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၄)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၁၂) : အမွေအနှစ် လက်ခံရယူခြင်း
ကုရွှမ်က သူ့ရှေ့မှ အားနည်းသည့် သေမျိုးသည် ထက်ရှရှ ဓားသွားများ ရှိထားသည့် ဧရာမပါးစပ်ကြီးနှင့် ကြောက်မက်ဖွယ် ဧရာမခရမ်းရောင် တိမ်တိုက်ကြီးအသွင် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ထိုသတ္တဝါမှ ထုတ်လွှတ်နေသည့် ဝိညာဉ်ဖိအားက သူ့ကျောရိုးတစ်လျှောက် ကြက်သီးများ ထလာစေပြီး ဝိညာဉ်ကိုပင် မလှုပ်ရှားနိုင်အောင် ဖြစ်သွားစေသည်။
ထို့နောက် သူက ရှေးခေတ်အချိန်အခါက ဖတ်ရှုဖူးသည့် ဒဏ္ဍာရီတစ်ခုကို အမှတ်ရသွားသည်။ အထူးသဖြင့် ဒုတိယမြောက် မူလစစ်ပွဲ၏ အလယ်အလတ်အဆင့်တွင် ဖြစ်၏။
" အသင်္ချေဝါးမျိုသူ" သူက အော်လုမတတ်ဖြစ်သွားသည်။
" အသင်္ချေဝါးမျိုသူတဲ့လား။ ဒီနာမည်က ကျုပ်နဲ့ ကိုက်သားပဲ" ဝမ်ဝေ့၏ အသံက နေရာလွတ်တစ်ခုလုံးကို လွှမ်းမိုးသွားပြီး တုန်ခါလာစေသည်။ ထို့နောက် သူက အချိန်မဖြုန်းဘဲ စတင်သတ်ဖြတ်လိုက်၏။
" မဖြစ်ဘူး" ကုရွှမ်က ထွက်ပြေးဖို့ ကြိုးစားရင်း အော်ဟစ်လိုက်သည်။
ဝမ်ဝေ့က ပါးစပ်ဟရင်း သူ့အား ဝါးမျိုဖို့ ကြိုးစားလိုက်၏။ ကုရွှမ်၏ ခန္ဓာကိုယ်မှ အလင်းတစ်ချက် ထွက်ပေါ်လာသော်လည်း ဝမ်ဝေ့က လျစ်လျူရှုကာ ဆက်လက် ကိုက်ချလိုက်သည်။
ဂျွတ်
သူက တစ်စုံတစ်ခုကို ဝါးမိလိုက်ပြီးနောက် ရေရွတ်လိုက်သည် " ထွက်ပြေးသွားတာလား"
သူက ကုရွှမ်၏ ဝိညာဉ်အကုန်လုံးကို မဝါးမျိုလိုက်မိကြောင်း ပြောနိုင်သော်လည်း သိသာသည့် ပမာဏကိုမူ စားလိုက်ရသည်။ ထို့ကြောင့် ဝမ်ဝေ့က လက်စသတ်ဖို့ သူ့နောက် လိုက်သွားတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို ခံစားမိလိုက်၏။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲလုမတတ် ဖြစ်လာသည်။