ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၆)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၄၂) : သေမျိုးတဖန် အပိုင်း (၁)
" ဒီအလုပ်ကို လုပ်ချင်တာ သေချာရဲ့လား" ပါးစပ်ကြီးကြီး ခပ်ဝဝ ထွားကျိုင်းကျိုင်း အမျိုးသားက မေးလိုက်၏။ ဤသည်က သူ့သွင်ပြင်ကို ဖော်ပြဖို့ရာ အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။ သူ့လက်မောင်းက ကြွက်သားများရှိပြီး သူ့ခြေထောက်က သစ်ပင်ထက်ပင် ပိုမိုတုတ်ခိုင်သော်လည်း သူ့ ဝမ်းဗိုက်ကမူ ကိုယ်ဝန်သည် အမျိုးသမီးနှင့် မှားနိုင်လောက်၏။ ထို့အပြင် သူ၏ ထူးထူးဆန်းဆန်း ပါးစပ်ကြီးကြီးလည်း ရှိနေသေးသည်။
" ဟုတ်ကဲ့" ခပ်ညံ့ညံ့ အဝတ်အစားကို ဝတ်ဆင်ထားသည့် ပိန်ပါးပါး လူငယ်လေးက ပြန်ဖြေလိုက်သည်။ သို့သော်လည်း သူ့အဝတ်အစားအရ အဆင့်အတန်းကို ဖော်ပြနေသော်လည်း သူသည် လူအများ၏ အာရုံကို ဖမ်းစားနိုင်သည့် ထူးခြားသော ဆွဲဆောင်မှုမျိုး ရှိ၏။ သို့သော်လည်း သူတို့က သူ့ဆွဲဆောင်မှုသည် မည်သည့်အရာဟု ထုတ်ဖော်မပြောနိုင်ကြပေ။
" ဒီအလုပ်ကို လုပ်ဖို့ သတ္တိရှိဖို့ လိုတယ်။ မင်း လုပ်နိုင်ရဲ့လား"
" ပြဿနာ မရှိပါဘူးခင်ဗျ"
ပါးစပ်ကြီးကြီးက ရေရွတ်လိုက်ပြီး " မင်းက အတော်လေးကို ပိန်လွန်းတယ်"
" ကျွန်တော့်သွင်ပြင်ကိုပဲ မကြည့်ပါနဲ့။ ကျွန်တော်က အတော်လေး အားသန်ပါတယ်" လူငယ်လေးက လျှောက်ကြည့်လိုက်ပြီးသည့်နောက်တွင် ကျင်းရာချီ လေးလံသည့် ဓားမော့ကြီးကို လက်တစ်ဖက်တည်းဖြင့် ကောက်ယူလိုက်သည်။
ပါးစပ်ကြီးကြီးလူ၏ အကြည့်များက တောက်ပလာ၏။ အစပိုင်းတွင် သူက ထိုကောင်လေး ယန်းဝေ့ကို လက်ခံခဲ့သည်မှာ သူ့မိတ်ဆွေတစ်ယောက်က အကူအညီတောင်းခဲ့၍ ဖြစ်ကာ ဤသို့ညစ်ပတ်သည့် အလုပ်မျိုးကိုလည်း မည်သူကမှ မလုပ်လို၍လည်း ဖြစ်သည်။ သို့သော်လည်း ထိုလူငယ်လေးကို မြင်တွေ့ပြီး လေးစားတတ်သည့် သူ့သဘာဝနှင့် အင်အားကို မြင်တွေ့ပြီးသည့်နောက်တွင် စိတ်ချယုံကြည်သွား၏။