ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၅၁)
မူရင်းရေးသားသူ - lazySageDaoဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၇၁၁) : အတိတ် အပိုင်း(၁)
"ယန်းချန်ရဲ့ တဲဆီကို သွားတာကို မြင်လိုက်တယ်။ ဘာဖြစ်လို့လဲ" ဝမ်ချန်က ဝမ်မျိုးနွယ် တောင်ထိပ်ဆီ ပျံသန်းနေရင်း မေးလိုက်သည်။
"အော် ... ဒါလား" ဝမ်ဝေ့က ယန်းချန်နှင့် စကားဝိုင်းအကြောင်းကို အသေအချာရှင်းပြလိုက်၏။
"မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ အထူးသဖြင့် မင်းက သက်ရှိတွေအားလုံးရဲ့ ထိပ်ကို ရောက်ရှိသွားတဲ့အခါမှာ မင်း အားနည်းစဉ်က ကူညီဖူးတဲ့သူတွေကို မေ့မပစ်သင့်ဘူး"
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူ့အနေဖြင့် တာအိုကို သက်သေပြပြီးသည့်နောက်တွင် အေးစက်စက်ဖြစ်လာသည့် မဟာဧကရာဇ်များအကြောင်းကို ဖတ်ရှုခဲ့ဖူးသည်။ သူတို့က တစ်ခါက သူတို့ကို ကူညီဖူးသည့်လူများအား နှိမ့်ချကြည့်ကာ သူတို့၏ အတိတ်ဆက်နွယ်မှုများကို ပစ်ပယ်ပြီး စိတ်ကြီးဝင်သွားတတ်ကြသည်။
ဝမ်ဝေ့က တချို့အပြောင်းအလဲများက ရှောင်လွှဲလို့ မရကြောင်း နားလည်လေသည်။ လူတစ်ယောက်က မဟာဧကရာဇ်လိုမျိုး စွမ်းအားကြီးကာ လွှမ်းမိုးမှုရှိလာခဲ့လျှင် မိတ်ဆွေဟောင်းများနှင့် အပေါင်းအပါများကို အရင်ကလိုမျိုး အတူတူဆက်ဆံနိုင်ဖို့အတွက် ခက်ခဲလိမ့်မည်။ သက်တမ်းကွာဟချက်ကြောင့် တချို့သော ဧကရာဇ်များက ထိုလူများအား မသေမျိုးဘဝကို ရယူဖို့ ကူညီပေးဖို့ရာ အစီအစဉ်မရှိသရွေ့ ထိုမိတ်ဆွေဆက်ဆံရေးမျိုးတွင် စိတ်နှစ်ထားမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က ထိုဧကရာဇ်များထဲမှ တစ်ယောက်ဖြစ်လာမည် မဟုတ်ပေ။
အိမ်သို့ပြန်ရောက်ပြီးသည့်နောက်တွင် သူ့အမေက ညစာကို ပြင်ဆင်ပြီးသား ဖြစ်၏။ သို့သော်လည်း ဝူဟုန်က ပေါ်ထွက်မလာပေ။ ဝမ်ဝေ့က အကြောင်းအရင်းကို နားလည်၏။ မိသားစု စုဝေးပွဲများအတွင်း သူ့ဇနီးက မကြာခဏဆိုသလို နေရခက်လေ့ရှိသည်။