ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၅)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၂၄) : မရဏအရှင်
" ရှင်က မရဏအရှင်အကြောင်းကို မေးနေတာလား"
" အဲဒါက သူ့နာမည်လား" ဝမ်ဝေ့က ပြောလိုက်သည်။ အလောင်းရောင်းဝယ်ရေးဂိုဏ်း၏ တည်ထောင်သူက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်ပြီး မည်သူကမှ ထိုဂိုဏ်းအစပြုရာကို မသိကြပေ။ တည်ထောင်သူ၏ အစပြုရာ ဝိညာဉ်သန့်စင်ရေးကမ္ဘာနှင့် မြေအောက်ယင်ကမ္ဘာတို့မှ အဖွဲ့ခွဲနှစ်ခုကို ပင်မဟု မှတ်ယူထားကြသည်။
ထိုကောင်းကင်အလိုဆန္ဒကမ္ဘာနှစ်ခုရှိ အလောင်းရောင်းဝယ်ရေးဂိုဏ်းတွင် မဟာဧကရာဇ်ငါးယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီး အရေအတွက် အများဆုံးအဖွဲ့ခွဲလည်း ဖြစ်ပေသည်။
" အလောင်းရောင်းဝယ်ရေးဂိုဏ်းနဲ့ ပတ်သက်ပြီး ဘာဖြေရှင်းချင်လို့လဲ" ဝူဟုန်က အနည်းငယ် စိုးရိမ်နေမိဟန် ပေါ်သည်။
" သူတို့အင်အားစုရဲ့ ချီကံကောင်းမှုက ပြဿနာရှာဖို့ တန်တယ်လို့ ထင်တယ်။ ဒါပေမဲ့ မင်းရဲ့ အမြင်ကိုလည်း သိချင်သေးတယ်"
" ကျွန်မ မသိဘူး"
" ဘာကိုပြောချင်တာလဲ"
" ကျွန်မက နည်းနည်းတော့ လွန်ဆွဲနေမိတယ်။" ဝူဟုန်က ပြန်ဖြေလိုက်၏။
" ကျွန်မရဲ့ တစ်စိတ်တစ်ပိုင်းက ဒါက တစ်ခုတည်းသော အခွင့်အရေးဆိုပြီးတော့ ရှင့်ကို ဖြေရှင်းစေချင်နေပေမဲ့ တစ်ဖက်မှာလည်း မရဏအရှင်နဲ့ ရှင့်ကို မပတ်သက်စေချင်ဘူး။ အထူးသဖြင့် ရှင့်ရဲ့ အစောပိုင်း ကျင့်ကြံရေးခရီးလမ်းမှာပေါ့"
" အဲဒါဆိုတော့ မင်းကို တုံ့ဆိုင်းအောင် လုပ်နိုင်တာ ဘယ်သူများလဲ"
" မရဏအရှင်က ကျွန်မနဲ့ ရှင့်ရဲ့ ဘိုးဘေးတို့နဲ့ ယှဉ်နိုင်တဲ့ အဆုံးစွန်မဲ့ စံပြတစ်ယောက်ပဲ။ သူက ဖြစ်ရပ်အများစုမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါခဲ့တယ်။ ဒါပေမဲ့ သူ့ကို အမြဲတမ်း သတိထားနေရတော့ သူ့ကို သိပ်သဘောမကျကြဘူး"