ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၅၁)
မူရင်းရေးသားသူ - lazySageDaoဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၇၁၄) : ကံကြမ္မာ(၁)
ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်နေကာ သူ့အကြည့်က ကာလံဒေသံကို ထိုးဖောက်သွားဟန်ပေါ်သည်။
" မင်းရဲ့လမ်းစဉ်က အဆုံးသတ်သွားပြီလား။ ငါတောင် ပိုကောင်းအောင် မလုပ်နိုင်လောက်ဘူးဆိုတော့ မင်းရဲ့ အောင်မြင်မှုကို ဂုဏ်ယူသင့်တယ်"
သူက ချီးကျူးမှုဖြင့် ရေရွတ်လိုက်သည်။ သိပ်မကြာခင် သူက တစ်ဦးတည်းသော နေထိုင်သူရှိရာ မျောလွင့်ကျွန်းတစ်ခုဆီ ရောက်ရှိလာ၏။ ထိုသူက ကံကောင်းမှုစစ်ဆေးပွဲမှ သုံ့လီဖန်း၏ ဆရာဖြစ်သူ ယူစစ်ယွီ ဖြစ်ပေသည်။
ယူစစ်ယွီက မိန်းမအိုကြီးနှင့် မတူတော့ဘဲ လူလတ်အရွယ် အမျိုးသမီးတစ်ယောက်လို ဖြစ်နေကာ အတော်လေးလှပပြီး ယခင်မျိုးဆက်ဟောင်းမှ အကြီးအကဲများ၏ အာရုံကို ဖမ်းစားထားနိုင်သည်။ သို့သော်လည်း သူမက အားလုံး၏ ပိုးပန်းမှုကို ငြင်းပယ်ခဲ့၏။ သူမ၏ သစ်သားအိမ်လေးအနီးတွင် ဆေးဥယျာဉ်တစ်ခု ရှိနေသည်။
ယူစစ်ယွီက အပင်ရေလောင်းနေစဉ်အတွင်း တစ်စုံတစ်ခုကို ခံစားမိ၍ လှည့်ကြည့်လိုက်သည်။ သူမက လုပ်လက်စကို ရပ်တန့်လိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့ဆီ လျှောက်လှမ်းလာ၏။
"ဂိုဏ်းချုပ်" သူမက ရိုရိုသေသေ ဦးညွှတ်လိုက်၏။
ဝမ်ဝေ့က သူမအား လေ့လာကြည့်လိုက်သည်။ သူမက မိုးမြေရှိ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေသည့် ငြိမ်းအေးသော အငွေ့အသက်မျိုး ပိုင်ဆိုင်ထားသည်။ သူမက ထိပ်သီးသူတော်စင်အဆင့်ဖြစ်ကာ အစစ်အမှန်အုပ်ချုပ်သူဖြစ်လာဖို့ နီးကပ်နေပြီ ဖြစ်၏။
"ဂိုဏ်းချုပ် အထဲဝင်ခဲ့ပါ။ ကျွန်မအဖန်ရည် ဧည့်ခံပါ့မယ်"
ဝမ်ဝေ့က အထဲဝင်သွားသည့်အခါ အိမ်က ယန်းချန်၏ တဲလိုမျိုး ရိုးရှင်းလှ၏။ တစ်ခုတည်းသော ကွဲပြားချက်က အခန်းများ ပိုရှိပြီး နေရာပိုကျယ်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း အခန်းတစ်ခုအတွင်း ကုတင်မှအပ ကျန်သည့်သက်တောင့်သက်သာ ဇိမ်ခံနိုင်သည့် ပစ္စည်းများ မရှိပေ။