အခန်း (၇၀၅) : မဟာသုတ်သင်ရေး
ဝမ်ဝေ့က ထိုအကြီးအကဲများအား ဂိုဏ်းကို ပုန်ကန်နေချင်တာလားဟု အော်မေးချင်စိတ်ကို မနည်းထိန်းထားရသည်။ သူတို့က ဂိုဏ်းချုပ်ကို ဤသို့ဆက်ဆံရဲသည်လား။
သို့သော်လည်း သူ ထိုရာထူးကို ယူပြီးသည့်နောက်တွင် မည်မျှတာဝန်မကျေပွန်ခဲ့သည်ကို အမှတ်ရသွားသည့်အခါ တိတ်တိတ်သာ နေလိုက်၏။
တကယ်တမ်းတော့ ငါ့အမှားတော့ မဟုတ်ပါဘူး...
သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ကျင့်ကြံကာ ပြင်ဆင်ရမည် ဖြစ်သည်။ ထို့ကြောင့် သူက သူ့အဖေလိုမျိုး ဂိုဏ်း၏ ဝေယျဝစ္စများအတွက် အချိန်မပေးနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက အားလုံးကို နေရာအမှန်ရောက်အောင် ထိန်းကျောင်းပဲ့ကိုင်ပြီး အဓိကဆုံးဖြတ်ချက်များကို ချနေသရွေ့ အရာအားလုံး အဆင်ပြေလေသည်။
ဝမ်ဝေ့က စာရွက်စာတမ်းများကို မကြည့်ရှုခင် သက်ပြင်းချလိုက်၏။ သူက ဒုမန်နေဂျာအဖြစ် နေခဲ့ရသည့် အတိတ်ဘဝကို ရုတ်ချည်း အမှတ်ရသွားသည်။ သူက နေ့စဉ်နေ့တိုင်း စာရွက်ပုံထဲ ခေါင်းငိုက်စိုက်နေခဲ့ရ၏။
တော်သေးတာပေါ့။ ငါက အခု ကျင့်ကြံသူ ဖြစ်နေပြီ...
သူက အံ့ဖွယ်အသိစိတ်ကို သုံးကာ အရာအားလုံးကို အလျင်အမြန် ဖတ်ရှုလိုက်သည်။ သူက ပြီးမြောက်ဖို့ လိုအပ်နေသည့် အရာအားလုံးကို အဆုံးသတ်ပစ်ချင်မိ၏။
ပထမပြဿနာက မြောက်ပိုင်းက နတ်ဆိုးမျိုးနွယ်ပဲ...
ဝမ်ဝေ့က တွေးလိုက်မိသည်။ မဟာမိတ်က အဆင်ချောမွေ့နေလေ၏။ ဂိုဏ်းက ချီစုစည်းရေးအစီအရင်ကို မျှဝေပေးခြင်းဖြင့် မြောက်ပိုင်းကို ပြန်လည်အသက်သွင်းဖို့ ကူညီပေးပြီး ကုန်းမြေအောက်ရှိ မူလအရင်းအမြစ်သွေးကြောများကို ပြုပြင်ပေးခဲ့သည်။ နှစ်တစ်သန်းမတိုင်ခင် မြောက်ပိုင်း၏ ဝိညာဉ်ချီက စံနှုန်းတစ်ခုသို့ ရောက်ရှိလာမည်ဖြစ်ကာ သူတို့၏ အရင်းအမြစ်များကလည်း သိသိသာသာ တိုးပွားလာလိမ့်မည်။