ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၉)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၇၅) : သင်္ကေတလေးသွယ် ကြေးမုံ
အကြီးအကဲဟယ်က တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာအတွင်း ပေါ်ထွက်လာကာ သူ တိတ်တဆိတ် ထွက်လာခဲ့သလိုမျိုး ပြန်ရောက်လာသည့်အခါတွင်လည်း မည်သူကမှ အာရုံမခံမိကြပေ။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ အကြီးအကဲသုံးယောက် စုဝေးရာနေရာဆီ သွားလိုက်၏။
"ဘိုးဘေး ဘယ်လိုလဲ" ခေါင်းဆောင်ဟယ်က ခပ်သွက်သွက်မေးလိုက်သည်။
"ကျရှုံးတယ်" အကြီးအကဲဟယ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။
"ဘိုးဘေးတောင် သူတို့ရဲ့ ကာကွယ်ရေးအစီအရင်ကို မချိုးဖောက်နိုင်ဘူးလား"
"ငါက အခွင့်အရေးတောင် မရလိုက်ဘူး။ ဒိုင်မေးရှင်းအမြင့်က ဝင်ရောက်စွက်ဖက်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းကို ထာဝရဧကရာဇ်စွမ်းအား ရှိဖို့ ကူညီပေးထားတယ် တူတယ်"
"ဘယ်လို" ခေါင်းဆောင်ဟယ်က ထိုရလဒ်ကို မျှော်လင့်မထားပေ။ ထိုစဉ် ခေါင်းဆောင်ကျားက သက်ပြင်းချလိုက်ကာ "အဲဒါကြောင့် သူတို့အားနည်းတဲ့ အခြေအနေမှာတောင် ကျုပ်တို့တွေ ဘယ်တုန်းကမှ မဖျက်ဆီးခဲ့တဲ့ အကြောင်းအရင်း မဟုတ်ဘူးလား။ ဒိုင်မေးရှင်းအမြင့်က သူတို့ဘိုးဘေးတွေကို ကြောက်လို့လေ"
"အခု ဒိုင်မေးရှင်းအနိမ့်က ပိတ်ဆို့ခံထားရတယ်ဆိုတော့ ရဲရဲတင်းတင်း ပြုမူသင့်တယ် မဟုတ်ဘူးလား" စည်းကမ်းထိန်းက ဝင်ပြောလိုက်၏။
အကြီးအကဲဟယ်က ထိုလူများ၏ စကားဝိုင်းကို နားထောင်ကာ ခေါင်းမယမ်းဘဲ မနေနိုင်တော့ပေ။
ဒီမျိုးဆက်ရဲ့ ခေါင်းဆောင်က အတော်လေးကို သာမန်ဆန်တာပဲ...
သူအနေဖြင့် ဂိုဏ်းသည် အသင်္ချေအင်ပါယာကမ္ဘာနှင့် တာအိုအခွင့်အလမ်းဂိုဏ်းထံ ဝင်ရောက်စွက်ဖက်ဖို့ လိုအပ်ကြောင်း သဘောတူလေသည်။ သို့သော် ဧကရာဇ်တာအိုစစ်ပွဲ ဖြစ်မည်ကို သဘောမတူပေ။