အခန်း (၆၃၁) : အတွေ့အကြုံကို သင်ယူခြင်း
ရှုကွမ်းက သူ့သမီးနှင့်အတူ အခန်းထဲတွင် ထိုင်နေသည်။ ခေါင်းနှင့် ခန္ဓာကိုယ်တစ်လျှောက်လုံး ချွေးများထွက်နေ၍ အဝတ်တစ်ခုကို ထုတ်ကာ သုတ်လိုက်၏။
" အဖေ ကိုယ်အလေးချိန် လျှော့ဖို့ လိုနေပြီ" ရှုရှစ်က ပြောလိုက်သည်။
" ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် ဝနေနိုင်ရတာလဲ"
" ဒါက ချမ်းသာကြွယ်ဝခြင်း လက္ခဏာပဲ။ ဘာဖြစ်ဖြစ် အဖေ့ ကျန်းမာရေးနဲ့ တိုက်ခိုက်ရေးအပေါ် သက်ရောက်မှုမရှိဘူး" ရှုကွမ်းက ပြန်လည်ချေပလိုက်သည်။ သူက အမှန်အတိုင်း ပြောနေခြင်း ဖြစ်၏။ ရွေးချယ်မှု သို့မဟုတ် ထူးခြားသည့် ရုပ်ခန္ဓာမဖြစ်သရွေ့ ကျင့်ကြံသူအများစုသည် တောင့်တောင့်တင်းတင်း ဖြစ်ကြ၏။ ပြောရလျှင် အဆီကို ခန္ဓာကိုယ်၏ အညစ်အကြေးအဖြစ် မှတ်ယူနိုင်သောကြောင့် ကျင့်ကြံရေးဖြစ်စဉ်အတွင်း ဖယ်ထုတ်ပစ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ တချို့သော ကျင့်ကြံသူများက ဝဝဖိုင့်ဖိုင့်ကို သဘောကျကျပြီး အနုသုခုမအနေဖြင့် ရွေးချယ်တတ်ကြသည်။
" ဒါနဲ့ ဘာလို့လာတွေ့တာလဲ" ရှုရှစ်က သူ့အဖေ၏ ရွေးချယ်မှုကို ဘာမှမပြောဘဲ မေးလိုက်သည်။
" ကိုယ့်သမီးကို လာတွေ့တာ အကြောင်းပြချက် လိုသေးလို့လား"
" အမှန်ပဲ"
ရှုကွမ်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်ကာ ပေးလိုက်သည်။ သူမက ဗဟုသုတကြွယ်ဝသော်လည်း ထိုသို့သောအရာမျိုးကို တစ်ခါမှ မမြင်ဖူးသည့်အတွက် အံ့အားသင့်သွား၏။
" ဒါက ဘာကြီးလဲ။ ဖိနပ်လား"
" ဒါကို ဒေါက်ဖိနပ်လို့ ခေါ်တယ်။ လွန်ခဲ့တဲ့ တစ်လတုန်းက တာအိုအခွင့်အလမ်းဂိုဏ်းက ဒီလိုထူးဆန်းတဲ့ ဖိနပ်တွေကို စတင်ရောင်းချနေတာ။ လူကြိုက်များတော့ အဖေ့စက်ကွင်းအထိ ရောက်လာတာပဲ"
" သူတို့က လှသား" ရှုရှစ်က စမ်းဝတ်ကြည့်ပြီးသည့်နောက်တွင် ချီးကျူးလိုက်သည် " ပြီးတော့ သက်တောင့်သက်သာလည်း ဖြစ်တယ်"