အခန်း (၆၃၈) : မိသားစု ပြန်လည်ဆုံစည်းခြင်း
ဝမ်ဝေ့၏ ဟောပြောပို့ချချက်က အရာအားလုံးကို ခြုံငုံပြောထား၏။ ယခုတွင် ထိုလူများက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အထိ ကျင့်ကြံရေးအကြောင်းကို ကောင်းကောင်းမွန်မွန် သိသွားကြလေပြီ။ သူတို့က အဆင့်တစ်ခုချင်းစီတွင် အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ်အပေါ် မည်သို့အခြေပြုထားကြောင်း နားလည်သွားကြသည်။ ထိုဗဟုသုတဖြင့် သူတို့သည် ထိုနယ်ပယ်အဆင့်များသို့ အလွယ်တကူ ဝင်ရောက်နိုင်ပြီး ပါရမီလုံလောက်ပါက ကန့်သတ်ချက်ကို ကျော်လွန်နိုင်လိမ့်မည်။
စည်းမျဉ်းကဏ္ဍအတွက်မူ ဝမ်ဝေ့က ဓာတ်ငါးပါး စည်းမျဉ်းနှင့် သူ့ကံကြမ္မာစည်းမျဉ်း အကြောင်းအနည်းငယ်ပါ ထည့်ပြောခဲ့၏။ သို့သော်လည်း သူက စည်းမျဉ်းထိန်းချုပ်ရေးနှင့်အတူ သူ့အစွမ်းထိန်းချုပ်ရေးပညာရပ်ကို အဓိကထား ဟောပြောခဲ့သည်။
ယနေ့ဟောပြောပို့ချချက်က ဧကရာဇ်တစ်ပိုင်း ဖြစ်မလာခင်အချိန်အထိ အကျိုးအမြတ် ဖြစ်ထွန်းစေလိမ့်မည်။ ထိုထက်ပင် ပိုနိုင်သေး၏။
ဝမ်ဝေ့က အားလုံးကို ပြန်လွတ်လိုက်ပြီးသည့်နောက်တွင် ကုသိုလ်ကို လက်ခံရယူလိုက်၏။ တပည့်အများစု၏ မျက်နှာအထက် တောင့်တမှုမျိုးကို မြင်တွေ့နေရသည်။ ဤသည်က စကြဝဠာ၏ အခြေခံသဘောတရားများကို အလွယ်တကူ နားလည်နိုင်သည့်နည်းဖြင့် ရှင်းပြလိုက်သလိုမျိုး ဖြစ်ကာ လူများက ဆက်လက် နားထောင်လိုကြ၏။ ထိုခံစားချက်က စွဲမက်စေသည်။
" တကယ့်ကို ပြောင်မြောက်တဲ့ ဟောပြောချက်ပဲ" တစ်ယောက်က ရုတ်ချည်း ပြောလိုက်၏။
ဝမ်ဝေ့က အသံလားရာကို လှည့်ကြည့်လိုက်သည့်အခါ အကြည့်များ တောက်ပသွားသည်။
" အမေ အဖေ"
ယုယန်က သူ့သားဆီ ပြေးကာ ဖက်လိုက်ပြီး ဝမ်ထျန်းကလည်း နောက်မှ လိုက်ပါလာသည့်အတွက် မိသားစုက ဝမ်ဝေ့ကို အလယ်မှာထားကာ ဖက်လိုက်ကြသည်။
" ဘယ်တုန်းက ပြန်ရောက်ကြတာလဲ"
" လီလင်းအလှည့်ပြီးကတည်းကပဲ" ယုယန်က ပြောလိုက်၏ " မင်းကို အံ့ဩသွားအောင်လို့လေ"