- 65 -

3.8K 474 4
                                    

ညနေဘက်ကို ရောက်လာတာနဲ့ မိုးနည်းနည်းရွာတယ်။

ဆောင်းရာသီမိုးက နွေရာသီလို မဟုတ်ဘူး။ ရာသီဥတု ပြောင်းလဲမှုတိုင်းမှာ အအေးဓါတ်လေး ပါနေတတ်တယ်။ အစိမ်းရောင် သစ်ခက်လေးကို လက်နဲ့ ခပ်ဖွဖွတို့ထိရင်း ပြတင်းတံခါးမှန်ပေါ်ကနေ စီးကျနေတဲ့ မိုးရေစက်တွေကို ဝမ်ရိပေါ် ကြည့်နေမိတယ်။

ရာသီဥတုက သူ့ကို စိတ်ရှုပ်စေတယ်။ သူမကြိုက်တဲ့အစားအသောက်တွေက သူ့ကို စိတ်ရှုပ်စေတယ်။ ကုချိုးနဲ့ စကားပြောနေရတာတွေက သူ့ကို စိတ်ရှုပ်စေတယ်။ စားသောက်ခန်းမထဲက ခပ်မျှင်းမျှင်းတီးခတ်နေတဲ့ ဂီတသံတွေကအစ သူ့ကို စိတ်ရှုပ်စေတယ်။ သူ အင်္ဂလန်မှာ ကျောင်းတက်တုန်းက အချိန်ကို သတိရသွားတယ်။ သူက Bach's Music ကြောင့် Bach ကို အရမ်းသဘောကျတယ်။ သင်္ချာပုစ္ဆာတွေလိုပဲ။ တုန်ခါနေတဲ့ လှေကားပေါ် တက်နေရသလိုမျိုး။

ခိုင်မာတယ်။ ပျော်ဖို့ကောင်းတယ်။ ဒါပေမဲ့ ပြုတ်မကျဘူး။

သူ့အသက် ၁၆ နှစ်ရဲ့ နောက်ဆယ်နှစ်အကြာမှာတော့ သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့တာတွေ ဖြစ်လာတယ်။ ဒီအတိုင်း ရိုးရိုးစန္ဒယားတီးလုံးကအစ သူ့ကို သက်တောင့်သက်သာ မရှိစေတော့ဘူး။

ဘယ်တုန်းကများ လှေကားပေါ်က ပြုတ်ကျသွားခဲ့ရတာလဲ?

ကြည့်ရတာ စာချုပ်တွေကို ရှောင်းကျန့်ကိုယ်တိုင် သူ့လက်နဲ့ ဆုတ်ဖြဲပစ်တဲ့အချိန်တုန်းကတော့ မဟုတ်လောက်ဘူးထင်တယ်။ ဒါမှမဟုတ် သူတို့နှစ်ယောက် စိတ်ရင်းမှန်နဲ့ နမ်းခဲ့တုန်းကလည်း မဟုတ်လောက်ဘူး။ အဲ့ထက် စောလောက်မယ်။ ဓါတ်လှေကားတံခါး ပွင့်သွားချိန် ရှောင်းကျန့်က သူ့ကို ဟန်ဆောင်အပြုံးလေးနဲ့ ပြုံးပြခဲ့တုန်းကလား။ ဒါမှမဟုတ် နူးညံ့တဲ့ ပန်းပွင့်လေးတပွင့်ဟာ ညအမှောင် သန်းခေါင်ယံမှာ တိုက်ခန်းဝရန်တာထက် ကွေးကွေးလေး မှိုင်တွေနေခဲ့တာကို CCTV ကင်မရာတွေနဲ့ စောင့်ကြည့်ခဲ့တုန်းကလား။

အဲ့အချိန်တုန်းကလည်း သူ ပြတင်းအပြင်ကို ထွက်ကြည့်ခဲ့ဖူးတယ်။ စီးပွားရေးဆိုင်ရာ ရုံးခန်းအဆောက်အဦးတွေမှာ သူ့လိုမျိုး အချိန်ပိုလုပ်နေတဲ့လူတွေ ရှိနေတယ်။ မြို့တော်မှာ မီးထိန်ထိန် လင်းနေတယ်။ တိုက်ခန်း ဝရန်တာကနေ ကြယ်တွေကို မြင်ရလား သူ မသိဘူး။ ဒါပေမဲ့ CCTV ကင်မရာတွေကနေတော့ တခြားအရာကို သူ တွေ့သွားခဲ့တယ်။ သားရိုင်းကောင်တကောင်၊ လှောင်ချိုင့်ထဲမှာ ရုန်းကန်နေသလိုမျိုး၊ တိတ်ဆိတ်တဲ့ ညသန်းခေါင်ယံမှာ နိုးထလာဖို့ အချိန်ကို စောင့်နေခဲ့သလိုမျိုး။ မာနတွေ၊ အထီးကျန်မှုတွေ။

Lion Heart ||Completed||Where stories live. Discover now