နေ့လယ်ခင်းကို ရောက်လာတာနဲ့ ပြတင်းပေါက်ကနေ ငှက်တကောင် ပျံထွက်သွားတယ်။ တကျီကျီ မြည်သံတွေအရ တကောင်ထက် ပိုများမယ်ထင်တယ်။ ရှောင်းကျန့် ခေါင်းအုံးပေါ်ကနေ ခေါင်းမော့လို့ မျက်လုံးတွေ ကြုံ့ရင်း ပြတင်းအပြင်ကို ကြည့်လိုက်တယ်။ မနေ့ညက ပြတင်းပေါက် ပိတ်ဖို့ မေ့သွားခဲ့တယ်။ အိပ်ရာကထလို့ ပြတင်းတံခါးတွေ ပိတ်လိုက်တဲ့အခါ လေနုအေးအချို့က ပြတင်းတံခါးရဲ့ ဟပေါက်လေးကနေ ဝင်လာတယ်။ လှိုင်းရိုက်ခတ်သွားသလိုမျိုး အလင်းနဲ့အရိပ်တွေ ရောထွေးသွားတယ်။
အစကတော့ သူ အိပ်ရာပေါ် ပြန်လှဲ၊ စောင်အောက်ဝင်ပြီး ပြန်အိပ်ဦးမလို့ပဲ။ ဒါပေမဲ့ စားပွဲပေါ်တင်ထားတဲ့ဖုန်းက တုန်ခါလာတယ်။ မျက်မှောင်တွေ ကြုတ်ပြီး ဖုန်းကိုလှမ်းယူလိုက်တဲ့အခါ ဖန်းချန်ရဲ့ဖုန်း ဖြစ်နေတာကို တွေ့ရတယ်။ ဖုန်းကို ဆတ်ခနဲချပြီး ခေါင်းအုံးအောက် ပြန်ထိုးထည့်လိုက်တယ်။
ဖုန်းက ထပ်မမြည်တော့ဘူး။ သူ မျက်လုံးကို မှိတ်လို့ ၁၀ စက္ကန့်ကြာတဲ့အထိ အိပ်မပျော်ဘူး။ အဲ့ဒီ့နောက် မျက်လုံးကို ပြန်ဖွင့်ပြီး ခေါင်းအုံးအောက်က ဖုန်းကို ယူကြည့်လိုက်တယ်။
နောက်ဆုံးသတင်းနဲ့အတူ missed call တချို့ ပေါ်လာတယ်။
[ညနေကျရင် ညစာစားပွဲရှိတယ်။ မင်းကို ၄ နာရီ လာခေါ်လိမ့်မယ်။]
ညစာစားပွဲတွေကို ရှောင်းကျန့်အမုန်းဆုံးပဲ။
ရုတ်တရက် ကျောက်တုံးကြီးတတုံးက သူ့နှလုံးသားထဲ ဖိချလိုက်သလိုပဲ။ သူ ပြန်အိပ်လို့ မရတော့ဘူး။ အိပ်ရာပေါ် ထိုင်လိုက်တယ်။ စောင်ကို လှန်ပြီး ကြမ်းပြင်ပေါ် ခြေပြောင်နဲ့ ဆင်းလိုက်တယ်။
နွေဦးရာသီနှောင်းပိုင်း မတ်လကို ရောက်နေပြီဆိုပေမဲ့ ကြမ်းပြင်အပူပေးစနစ်ကတော့ အိမ်ရဲ့နေရာတိုင်းမှာ ဖွင့်ထားတုန်းဖြစ်တယ်။ အဲ့ဒါကြောင့် အေးမြမှုကို မခံစားရဘူး။ အေးစက်တဲ့လေပြေညှင်းလေးက ပြတင်းပါက်ကနေ ဝင်လာပြီး သူ့ခြေဖဝါးတွေကို ဖြတ်တိုက်သွားတယ်။ ရှောင်းကျန့် သူ့ခြေချောင်းလေးတွေကိုကားပြီး ကြမ်းပြင်ပေါ် အရိပ်ကျအောင် လုပ်လိုက်တယ်။ ပြတင်းပေါက်က ဝင်လာတဲ့ နေရောင်အောက်မှာ ဆော့နေမိတယ်။ နွေရာသီရဲ့ နွေးထွေးတဲ့ရာသီဥတုလိုပဲ။
YOU ARE READING
Lion Heart ||Completed||