ရှောင်းကျန့် ဖုန်းကိုင်လိုက်တာနဲ့တပြိုင်နက် မျက်လုံးကို မှိတ်လို့ ပါးစပ်တန်းဖွင့်လိုက်တယ်။
"မင်း ထင်သလို မဟုတ်ဘူး"
ဖုန်းတဖက်မှာ အသံခဏလောက် တိတ်သွားတယ်။ ပြီးတာနဲ့ ရုတ်တရက် ခပ်ဩဩရယ်သံ ထွက်လာတယ်။
"ငါ ဘာမှ မပြောရသေးဘူးလေ"
ဝမ်ရိပေါ်အသံက စိတ်တိုနေလား ဘာလား သိပ်မရှင်းဘူး။
"ရှောင်းကျန့်ရား မင်း ဘာတွေ လုပ်ထားလဲ?"
"....."
"လက်ထောက်မပါပဲ ဘီယာထွက်သောက်ဖို့ ဘယ်လိုများ စဉ်းစားလိုက်တာလဲ? လူတွေကို ဖျော်ဖြေဖို့ သတင်းတွေ မလုံလောက်သေးလို့လား? ငါအခုမှ စဉ်းစားကြည့်တာ။ မင်း လုမျိုးရိုးနဲ့ သတင်း ထွက်ထားတာတောင် သိပ်မကြာသေးဘူးမလား။ တလတောင် မပြည့်သေးဘူး"
ရှောင်းကျန့်နားထဲမှာ စစ်ပွဲအကြို မိုးချိန်းသံတွေ ကြားလိုက်ရသလိုပဲ။ ဝမ်ရိပေါ်ရဲ့ စကားတခွန်းချင်းစီတိုင်းမှာ ရှောင်းကျန့်ရဲ့ နှလုံးသားက တချက်ပြီးတချက် နစ်မြုပ်သွားတယ်။
"ငါ တောင်းပန်ပါတယ်"
သူ ပြန်ပြောချင်သေးပေမဲ့ အနားမှာ လူတွေများနေတယ်။
"ငါ အဲ့လို မရည်ရွယ်ပါဘူး"
ဝမ်ရိပေါ်ဘက်က ဟက်ခနဲ ရယ်သံကြားရတယ်။
"မင်း တမင်လုပ်တာများလား?"
"အယ် ဒါရိုက်တာ ခေါ်နေပြီ!"
ရှောင်းကျန့် အထိတ်တလန့်နဲ့ အော်လိုက်တယ်။
"ငါ ရိုက်ကွင်းပြီးရင် ပြောပြမယ်"
ဖုန်းကို ချပြီးတာနဲ့ တပြိုင်နက် အောက်နှုတ်ခမ်းကိုက်လို့ သေချာစဉ်းစားတယ်။ ဘယ်လိုဖြေရှင်းချက်တွေ ပေးဖို့လိုလို့လဲ။ တကယ်ဆို သူ့ရဲ့ တိမ်းညွတ်မှုက ဒီလောက် သိသာရှင်းလင်းနေတဲ့ဟာ။ ကျန်းကျားချင်နဲ့ ကောလဟလတွေက ဘာဂရုစိုက်စရာ ရှိနေလို့လဲ။
*
ညနေဘက်မှာ စစ်ပွဲခန်း ရိုက်ရတယ်။ သူ့ကိုယ်ပေါ်မှာ ငွေရောင်သံချပ်ကာဝတ်ထားတယ်။ သူ့နှုတ်ခမ်းထောင့်တွေမှာ သုတ်လိမ်းထားတဲ့ သွေးတုတွေရှိတယ်။ ယွီဟွမ်ယွင်က သူ့ရင်ဘတ်ကို ဓါးနဲ့ချိန်တယ်။ သူ့ပါးစပ်ထဲက သွေးတုကို ကိုက်ဖောက်လိုက်တဲ့အခါ သွေးတွေ စီးကျလာတယ်။ သွေးတွေ ကျလာတာနဲ့ တပြိုင်နက် မျက်ရည်တွေပါ ကျလာပြီး သူ ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။
YOU ARE READING
Lion Heart ||Completed||