Kiss Husband - 7
အခန်း (၇) စဉ်းတောင်မစဉ်းစားနဲ့။
အတိတ်တုန်းက သူမ၏ မိတ်ကပ်လိမ်းထားသော မျက်နှာထက် သူမမျက်နှာအစစ်က ပို၍နုပျိုလှပသည်ကို အော်မုန့်ရွှယ်မှလွဲ၍ ဘယ်သူမှ မမြင်ဖူးခဲ့ပါချေ။
တီးတိုးပြောသံများကို ကြားရသောအခါ လင်ရှီး၏နှလုံးသားမှာ ပို၍အေးစက်သွားလေသည်။ ကြည့်ရတာ အရင်က အော်မုန့်ရွှယ်သည် သူမ၏ မျက်နှာမမြင်ရခြင်းကို အခွင့်ကောင်းယူကာ သူမ၏မျက်နှာသွင်ပြင်က လူထုအကြိုက်နှင့်မကိုက်သောကြောင့် မျက်နှာပေါ်သို့ မိတ်ကပ်များများဖို့ရန်လိုကြောင်း တမင်တကာပြောခဲ့ပုံရသည်။ သူမကို ပလက်စတစ်ဆာဂျရီလုပ်ရန်ပင် ခေါ်သွားခဲ့လုနီးပါး၊ ကံကောင်းလို့ သူမ လက်မခံခဲ့ခြင်း။
ထိုမျှ "စိတ်နှလုံးနှစ်မြှုပ်ထား"သော အော်မုန့်ရွှယ်လို အေးဂျင့်မျိုး နောက်တစ်ယောက်ရှာမတွေ့မှာစိုးမိပါသည်။
လင်ရှီးသည် သူမရှေ့က အမျိုးသားကို အသံနှင့်ဆံပင်အရောင်ဖြင့် ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုပြီးဖြစ်၏။ သူက ချီကျားယန်၏ အဖေတူအမေကွဲညီပင်။
ယခင်ဘဝက သူမ ရွှီယိကျစ်နှင့် ကွာရှင်းပြီး ချီကျားယန်နှင့် လက်ထပ်ခဲ့စဉ် သူမမှာ အပျော်ရွှင်ရဆုံးအမျိုးသမီးဖြစ်တော့မည်ဟု ထင်ခဲ့မိသည်၊ သို့သော် မထင်မှတ်ထားသည်မှာ သူမယောက္ခမက သူမကြောင့် အမြဲအရှက်ရရပြီး သူမ၏ အသက်မွေးဝမ်းကြောင်းအလုပ်ကို မုန်းတီးနေပေ၏။ သူမ၏ ယောက္ခထီးကလည်း သူမကို မျက်ကွယ်ပြုထားခဲ့ပြီး တစ်မိသားစုလုံးက သူမကို အစေခံလေးလို ဆက်ဆံခဲ့ကြသည်။
ပထမတော့ သူမ ချီကျားယန်က သိတတ်သည်ဟု သူမ ထင်ခဲ့၏၊ သို့သော် နောက်ကျမှ သူက "မေမေ့သားလေး" ဖြစ်နေပြီး သူမယောက္ခမပြောသမျှ အကုန်နားထောင်ကြောင်း သတိပြုမိခဲ့ရလေသည်။
တခြားလူများရှေ့တွင်တော့ သူက အမျိုးကောင်းသားဟန်ဆောင်သည်၊ သို့သော် အိပ်ခန်းထဲ ပြန်ရောက်လာကြပြီးနောက် မတော်တဆလေးတစ်ခု ဖြစ်လိုက်သည်နှင့် သူက ဂရုမထားဘဲ သူမကို ကန်ကျောက်ရိုက်နှက်၏။