Kiss Husband - 167
အပိုင်း (၁၆၇)
ချီမိသားစုအိမ်တွင်။
တည်တင်းနေသောလေထုမှာ မမြင်နိုင်သည့် လက်တစ်စုံအလား လူတို့၏လည်ပင်းကို ဖျစ်ညစ်ထားလျက် အသက်ရှုကြပ်နေစေသည်။
ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင် ချီယန်ပင်းနှင့် ဝမ်စူးဖျင်တို့မှာ အိမ်ကြီးရှင်သခင်များ၏အမူအရာအတိုင်း ထိုင်နေကြ၏။
"ကျင့်ယွီ အမေ့ကိုပြောပါဦး၊ မင်း အဖေရဲ့အံဆွဲကို ဖွင့်ခဲ့သလား။"
ဝမ်စူးဖျင်မှာ ချီယန်ပင်းရှေ့တွင် အင်မတန်ချစ်မြတ်နိုးလှသောအမေတစ်ယောက်နှယ် သရုပ်ဆောင်ပြနေ၏။
ချီကျင့်ယွီက သူမကို ခပ်ပေါ့ပေါ့လှမ်းကြည့်လိုက်ပြီး သူမက သူ့အဖေရှေ့တွင် မဏ္ဍပ်တိုင်တပ်ပြနေခြင်းကို သိလိုက်ကာ ပြောသည်။
"အားနာပါတယ်၊ ကျွန်တော့်မှာ အမေတစ်ယောက်ပဲရှိတယ်။"
ဝမ်စူးဖျင်မှာ မသိမသာမျက်နှာပျက်သွားသည်။
ချီယန်ပင်းက ထိုအကြာင်းသိပ်စဉ်းစားမနေဘဲ သူ့မျက်နှာထက် စိုးရိမ်နေသည့်အရိပ်အယောင်များ ဖျတ်ပြေးသွား၏။
"ကျင့်ယွီ မင်းအားလုံးကို သိသွားပြီလား။"
"ဟက်" ချီကျင့်ယွီ ခနဲ့လိုက်သည်။
"အဖေ ကျွန်တော့်ကို ၂၆ နှစ်တောင်လိမ်ထားရတာ မပင်ပန်းဘူးလား။"
ချီယန်ပင်းက မျက်မှောင်ကြုံ့လိုက်သော်လည်း အပြစ်ရှိစိတ် မရှိပေ။
"ကျင့်ယွီ သူသေပြီလို့ အဖေမင်းကို ပြောခဲ့ရတဲ့အကြောင်းအရင်းက သူ စိတ်မနှံ့နေလို့ပဲ။"
"ကျွန်တော့်အမေက စိတ်မနှံ့တာမဟုတ်ဘူး။"
ချီကျင့်ယွီက သားရဲတစ်ကောင်လို ဟိန်းခနဲအော်လိုက်သည်။ အမှားလုပ်ခဲ့သူသည် ထင်ထင်ရှားရှားပင် သူ့အဖေဖြစ်ပါလျက် မျက်နှာပေါ် အပြစ်ရှိစိတ်တစိုးတစိမှမတွေ့ရချေ။
ချီယန်ပင်း၏မျက်နှာ မှောင်မည်းသွားသည်၊ သူ သူ့သားငယ်ကို အမြဲချစ်ခဲ့သည်ပင်၊ သူ ချီကျားယန်ကို သဘောမကျဟုဆို၍ ချီကျားယန်ကို အိမ်မှပြောင်းနေစေခိုင်းခဲ့သည်၊ သို့သော် ဒီကိစ္စတွင်တော့ သူ ချီကျင့်ယွီကိ မကူနိုင်တော့။