Kiss Husband - 54
အပိုင်း (၅၄) ဉာဏ်များသောဇာတ်လမ်း။
မုန့်ရှင်းယန် ဤ"လေးလံသည့်'ကဒ်ကို အဘယ်သို့လက်ခံနိုင်မည်နည်း။
အဆုံးတွင် ကဒ်က လင်ရှီးလက်ထဲတွင်သာ ရှိနေခဲ့ပြီး မုန့်ရှင်းယန်က ငွေသား ဒေါ်သာသုံးထောင်ကိုသာ ယူထားခဲ့သည်။
လင်ရှီး၏မျက်ခုံးတန်းများတွင် ဝမ်းနည်းကြေကွဲမှုရေးရေးမျှ တွဲခိုနေလျက်။ လေညင်းအေးအေးလေးကပင် ၎င်းတို့ကို မပြေလျော့စေနိုင်ပေ။
အမေက သူမကို အပြစ်တင်နေသေးတာပဲလေ။
အပြန်လမ်းတွင် မုန့်ဇစ်မြောင်က သူမအမေ၏လက်ကိုတွဲချိတ်လျက် နှုတ်ခမ်းဖွဖွကိုက်ကာ အချိန်အတော်ကြာ တွေးတောနေပြီးမှ ပြောလာသည်။
"အမေ ကျွန်မတော့ ဇစ်သီပြောတာ မှန်တယ်လို့ထင်တယ်၊ လင်ရှီး တကယ်ကြီး သရဲဝင်ပူးခံနေရတာနေမှာ၊ ၁၀ မီလီယံတောင်လေ။"
မုန့်ရှင်းယန်က စိတ်မကျေမနပ်ဖြင့် သူမကို စိုက်ကြည့်လိုက်သည်။
"ဇစ်မြောင် နောက်ဆိုနင့်အစ်မကို အဲဒီလိုမပြောရဘူး။"
အမှန်တော့ သူမလည်း လင်ရှီး၏အပြောင်းအလဲများကို သတိထားမိပါသည်။ ထိုသို့အပြောင်းအလဲများက တစ်နှစ်ဟုသည့် အချိန်တိုလေးအတွင်း ဖြစ်မလာနိုင်ပေ။
ဇစ်မြောင်က မကျေမချမ်းဖြင့် 'အွန်း'ဟုအသံပြုလိုက်ကာ စကားထပ်မပြောလာတော့။
လင်ရှီး ပွဲနေရာသို့ရောက်သောအခါ သူမအဖွဲ့သားများက လေ့ကျင့်နေကြသည်။
ဒီတစ်ခေါက်အကတွင် အဖွဲ့ဝင်ကိုးယောက်စလုံး ပူးပေါင်း၍ အပြီးသတ်ရမည်ဖြစ်သည်။ သူတို့ မနေ့က theme ရွေးနေကြချိန် လင်ရှီး ရှိမနေခဲ့။ တစ်ချက်ကြည့်ရုံနှင့် သူမမျက်လုံးတွင် ဝမ်းနည်းရိပ်များ ထင်ဟပ်နေပေသည်။
"လင်ရှီး ဘာလို့ခုမှရောက်လာတာလဲ၊ ငါနင့်ကိုတစ်မနက်လုံးစောင့်နေတာ။"
အနောက်မှလာသောအသံကိုကြားသောအခါ ကောင်မလေး၏ကိုယ်ဘေးနှစ်ဖက်ရှိလက်များက ရုတ်တရက် တင်းကြပ်သွားပြီး သူမမျက်လုံးထဲရှိအလင်းရောင်လေးက တဖြည်းဖြည်းမှိန်ဖျော့သွားသည်။ သူမမျက်လုံးများအတွင် တိမ်မည်းလိပ်များ ခေတ္တမျှလှိမ့်တက်လာပြီး ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်သွားသောအခါမှ သူမ အပြုံးတစ်ပွင့်ဖြင့် ကိုယ်ကိုလှည့်လိုက်လျက်။