Kiss Husband - 137
အပိုင်း (၁၃၇) ကိုယ်တို့က လင်မယားတွေပဲလေ၊ စိတ်ထဲထားနေစရာမလိုပါဘူး။
သူမ၏ "အတိတ်မေ့ခြင်း"က အတုကြီးမှန်း သူသိခဲ့လျှင်တောင် ယခု သူမက သူ့နံဘေးတွင်ရှိနေပြီဖြစ်သည်၊ ဒါနှင့်တင် လုံလောက်ပါပြီ၊ အချို့အရာများက ထုတ်ပြောစရာမလို၊ နှလုံးသားဖြင့် ခံစားသိရှိနိုင်ခြင်းဖြစ်သည်။
"စကားမစပ် ခုနက ရှင့်အသံက ဘာလို့ကျင့်ယွီအသံနဲ့တူနေရတာလဲ။"
သူမပင်လျှင် ခြားနားချက်ရှာမတွေ့ပါချေ။
ရွှီယိကျစ်က အသံနက်နက်ဖြင့်ပြောသည်။
"ကိုယ် အသံတုလုပ်တာသင်ဖူးတယ်၊ ဒါပေမယ့် ကိုယ်ကောင်းကောင်းသိတဲ့လူတွေကိုပဲ အတုခိုးနိုင်တယ်။"
လင်ရှီး၏မျက်လုံးများက တောက်ပစွာလင်းလက်သွားသည်၊ သူမမျက်နှာထက်ရှိ အားကျလေးစားမှုများက သူ့ကို အတော်လေးပျော်ရွှင်သွားစေသည်။
ရှာဖွေရခြင်းမှာ အမြဲလိုလိုစိတ်ရှုပ်စရာကောင်းပေသည်၊ ခရီးသည်များကို ရပ်တန့်သွားစေနိုင်သော ရှုခင်းကပင်လျှင် သူမအာရုံကို မဆွဲဆောင်နိုင်။
တောင်တန်းမြင့်မြင့်များထက်က စီးကျနေသော စမ်းချောင်းလေးက ရေကန်ထဲ ပေါင်းစုဝင်သွားသည်၊ မြေဩဇာကြွယ်ဝသော မြေပေါ်တွင် မိုးပြာရောင်ကျောက်ကလေးများ မြှုပ်ထားသည့်အလား။ မတ်စောက်သောတောင်များက မိုးပေါ်ချွန်ထွက်နေကြပြီး ကြည့်၍မဆုံးနိုင်ပုံပေါ်သည်၊ သို့သော် ထိုမျှလှပသာယာသောရှုခင်းကို ငေးမောရန် လင်ရှီးတွင် ဆန္ဒရှိမနေ။
တောင်တက်လမ်းကို ခေတ္တအကြာမျှ တက်ပြီးနောက် လင်ရှီးမှာ ခြေထောက်နှင့်ခါးများ အနည်းငယ်နာလာသလို ခံစားရသည်၊ သို့သော် သူမ ဆိတ်ဆိတ်သာနေရင်း ရွှီယိကျစ်၏လက်ကိုကိုင်ကာ ပို၍မြင့်သောနေရာသို့ ဆက်တက်နေလေသည်။
လင်ရှီး၏မျက်နှာနီမြန်းလာသည်ကို မြင်သောအခါ ရွှီယိကျစ်က ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
"တက်၊ ကိုယ်မင်းကို ကုန်းပိုးမယ်။"
လင်ရှီးခေါင်းယမ်းလိုက်သည်။ "ရပါတယ်။"