Kiss Husband - 157
အပိုင်း (၁၅၇)
ရွှီယိကျစ် အလုပ်သွားပြီးနောက် လင်ရှီးက ပေါက်စလေး ကိုယ်ခံပညာလေ့ကျင့်နေသည်ကို ကြည့်နေ၏၊ သူမမှာ ထိတ်လန့်နေရလျက်၊ ဂရုမစိုက်မိလျှင် ကလေးလေး ထိခိုက်သွားမည်ကိုစိုးရိမ်နေ၏။
"ဝေး မရီး ကျွန်တော်ရှာတွေ့ပြီဗျ၊ မရီးပြောတာမှန်တယ်၊ ကျွန်တော့်အမေက အသက်ရှင်နေတုန်းပဲ။"
ချီကျင့်ယွီ တစ်ညလုံးမအိပ်ရသေးပါချေ၊ လင်ရှီး၏ စိတ်လိုက်မာန်ပါမလုပ်နဲ့ ဟူသောစကားကိုသာ မှတ်မထားလျှင် သူ ထိုပစ္စည်းများကို သူ့အဖေရှေ့ ပစ်နှက်ကာ ဘာလို့ သူ့ကို လိမ်ထားရသလဲဟု သေချာပေါက် မေးမိမည်ဖြစ်သည်။
လင်ရှီး ဖုန်းထဲမှတစ်ဆင့် သူ့စိတ်လှုပ်ရှားနေသံကို ကြားရသည်။
"ကျင့်ယွီ၊ ရှင်အခုဘယ်မှာလဲ။"
"ကျွန်တော် စိတ်ကျန်းမာရေးဆေးရုံသွားတဲ့လမ်းမှာ။"
ထို့နောက် သူ ဖုန်းချသွားတော့သည်။
ယခုတွင် သူ မြင်နိုင်သမျှအမြန်ဆုံး သူ့အမေကို တွေ့ချင်နေလေသည်။
တစ်ဖက်မှ ဖုန်းချသွားသံ တတီတီကိုကြားရသောအခါ လင်ရှီးမှာ မိမိလုပ်ခဲ့တာ မှန်လား၊ မှားလား အနည်းငယ်မျှတွေဝေသွားရသည်။
"မဒမ် ဒီကလေးက..."
လင်ရှီး အသိပြန်ကပ်လာသည်၊ အန်တီကျန်း ရောက်လာခြင်းဖြစ်၍ သူမ ညင်ညင်သာသာပြုံးပြလိုက်၏။
"အန်တီကျန်း လာပြီပဲ၊ ဒါ ကျွန်မနဲ့ယိကျစ်တို့ကလေးလေ။"
အန်တီကျန်း အံ့အားသင့်သွား၏။ သူမမျက်နှာထက် အံ့ဩရိပ်အနည်းငယ်ရှိနေသော်လည်း ဘာမေးခွန်းမှ ထပ်မေးမလာချေ။
သူမ ရက်အနည်းငယ်သာ ခရီးထွက်သွားခြင်းဖြစ်ပါသည်။ ဘယ်လိုလုပ် ဒီလောက်ကြီးနေတဲ့ ကလေးနဲ့အတူ ပြန်ရောက်လာရတာပါလိမ့်၊ ထို့အပြင် ကလေးက ကိုရင်လေးလည်းဖြစ်နေသေးသည်။
သူ ကန်လိုက်ထိုးလိုက်လုပ်နေသည်ကို ကြည့်ရတာတော့ အတော်လေးမိုက်လှသည်။