Kiss Husband - 74
အပိုင်း (၇၄) "ပင်လယ်မြေခွေးဟိန်းသံ" လူရွေးပွဲ။
"ပင်လယ်မြေခွေးဟိန်းသံ"မှာ ရှားပါးသတ္တဝါတစ်ကောင်အကြောင်း ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ လူသားအသွင်ပြောင်းသွားသော ပင်လယ်မြေခွေးတစ်ကောင်က လူသားတို့ကမ္ဘာသို့ ဝင်ရောက်လာပြီး သူမ၏ချစ်ရသူကို ကယ်ဆယ်ရန် အသက်ဆုံးရှုံးသွားခဲ့ရပုံအကြောင်း ဖြစ်၏။
ယခင်ဘဝတွင် Willie Casto ရိုက်ကူးထားသော ထိုဇာတ်လမ်းကို သူမ ကြည်ဖူးခဲ့၏။ ထိုအချိန်က သူတို့ 'ယိလင်'၏ ယောင်ရူအား အမျိုးသမီးဇာတ်လိုက်အဖြစ် ရွေးခြယ်ခဲ့ကြသည်။ ဇာတ်လမ်းတွင် ပါဝင်သော ခံစားချက်ပြင်းထန်သည့် စာသားများက ပြတ်သား၍ ရင်ကိုလှုပ်ခတ်စေကာ လူတို့အား အလွယ်တကူ မျက်ရည်ဝဲစေနိုင်ခဲ့လေသည်။ ယောင်ရူ၏ သရုပ်ဆောင်မှုကလည်း ပြောင်မြောက်လှသည်၊ တစ်ခုတည်းသော အားနည်းချက်မှာတော့ အချို့သောရိုက်ကွက်များတွင် လူစားထိုးသုံးထားသည်ဟု ပြောကြ၏။
သို့သော် သူမအား အဆွဲဆောင်နိုင်ဆုံးမှာ ဇာတ်လမ်းထဲရှိ အလွန်အင်မတန် သဘာဝဆန်လှသော effect များပင်ဖြစ်၏။ မည်သို့ဆိုစေ ၎င်းတို့မှာ ထိုရုပ်ရှင်ကို ပိုက်ဆံများ အင်အားများ စိုက်ထုတ်ထားရသည်လေ၊ ဝင်ငွေက ထင်ထားသည်ထက်ကျော်လွန်သွားသည်မှာ ယုတ္တိရှိပါသည်။
သူမ ယခင်ဘဝက ချီကျားယန်နှင့် မဂ်လာဆောင်ကြောင့် လူရွေးပွဲကို လွတ်သွားခဲ့ရသည်။ ဒီတစ်ခေါက်တော့ အကောင်းဆုံးကြိုးစားဖို့ရန် သူမကိုယ်သူမ ပြောထားပါ၏။
အမှန်တော့ သူမလည်း အနည်းငယ်စိတ်မငြိမ်ဖြစ်နေသည်၊ အကယ်၍များ...။
နံဘေးရှိ အုတ်အုတ်ကျက်ကျက်အသံများက ရုတ်တရက် သူမအတွေးများကို ဝင်ရောက်နှောင့်ယှက်လိုက်၏။
"ကြည့်ဦး ယောင်ရူပဲ!"
ရှေးဟောင်းဝတ်စုံဖြင့် လှပသောအမျိုးသမီးတစ်ယောက်က လက်ရာမြောက်ချောမောသော မိတ်ကပ်ပြင်ဆင်ထားကာ ဝင်ရောက်လာပြီး အေးတိအေးစက်လေထုကိုပါ ဆွဲငင်သယ်ဆောင်လာခဲ့လေသည်။
"ဇာတ်ကြောင်းက ခေတ်ပေါ်ဇာတ်ကြောင်းပေမယ့် ယောင်ရူရဲ့အဝတ်အစားက မတရားလှလိုက်တာကြီး၊ 'နတ်သမီး'ဆိုတဲ့စကားလုံးနဲ့ လုံးဝကွက်တိပဲ။"