Kiss Husband - 163
အပိုင်း (၁၆၃)
"မရီးကျွန်တော်တို့ကို လာခေါ်ပြီပဲ၊ အရင်ရက်တွေမှာ မရီးကို သတိရနေတာ သိလား။"
လင်ရှီး ခပ်ဖွဖွပြုံးလိုက်ပြီး သူ့စကားများကိုစိတ်ထဲမထားပေ။
"မဂ်လာပါအန်တီ၊ ကျွန်မက ကျင့်ယွီသူငယ်ချင်းပါ၊ လင်ရှီးလို့ခေါ်လို့ရပါတယ်။"
ယန်ဟွေ့လင်က ကျေးဇူးတင်စွာဖြင့် သူမလက်ကို ညင်ညင်သာသာဆုပ်ကိုင်လိုက်သည်။
"တို့ကို လာခေါ်ပေးလို့ ကျေးဇူးတင်ပါတယ်ကွယ်။"
"ကျွန်မလုပ်သင့်တာပါပဲ၊ လာ ကားပေါ်အရင်တက်ပါ။"
ချီကျင့်ယွီက ကားထဲတွင် ပေါက်ပါက်ဖောက်နေ၏။
"မရီးမသိလို့ဗျ၊ စိတ်ကျန်းမာရေးဆေးရုံက လူတွေ နေဖို့နေရာကို မဟုတ်ဘူး၊ အဲဒီဆရာဝန်တွေက လူကို ရိုက်တာ တော်တော်ကြမ်းတယ်၊ ကျွန်တော် သရုပ်ဆောင်သာမကောင်းရင် သူတို့လက်ထဲ ဖွတ်ဖွတ်ကျေနေလောက်ပြီ၊ စကားမစပ် မရီး အဲဒီဆေးရုံမှူးကို ဘယ်လိုစည်းရုံးလိုက်တာတုန်း။"
"ရှင်ခန့်မှန်းကြည့်လေ။"
"ကျွန်တော့်ကို ဖော်လိုက်တာလား။"
ချီကျင့်ယွီက သာမန်ကာလျှံကာလေးသာ ပြောလိုက်ခြင်းဖြစ်၏။
လင်ရှီးက ထူးဆန်းနေစွာ သူ့ကိုလှမ်းကြည့်လိုက်သည်၊ သူက အချိန်တိုင်း အောင်အောင်မြင်မြင် ခန့်မှန်းနိုင်ပုံပေါ်သည်။
"ရှင် ထီသွားထိုးပါ့လား။"
ချီကျင့်ယွီ ချောင်းဆိုးသွားကာ အံ့အားတသင့်အော်လိုက်သည်။
"ဘာရယ် မရီး၊ တကယ်ကြီး ကျွန်တော်က ချီယန်ပင်းရဲ့သားလို့ ဆေးရုံမှူးကို ပြောလိုက်တာလား။"
လင်ရှီး နှုတ်ခမ်းကိုတည်ထားလိုက်ရင်းဖြင့်။
"မဟုတ်ရင် ရှင်နဲ့အန်တီတို့ ဘယ်လိုလုပ်ထွက်လာနိုင်မလဲ။"
"အစောတည်းက ကျွန်တော်က သူ့သားလို့သာပြောလိုက်ရင် တစ်ခါတည်း ဇာတ်သိမ်းသွားလောက်ပြီ။"