Kiss Husband - 103
အပိုင်း (၁၀၃) ငါးစာလာဟပ်တဲ့ 'ငါး'။
မုန့်ကျင်းယွဲ့မှာ ဆွဲဆောင်မှုရှိသည့်ဝတ်စုံကို ဝတ်ဆင်လို့ထားပြီး ယမန်နေ့ကနှင့် အတော်လေးခြားနားနေသည်။
"တောင်းပန်ပါတယ်၊ ကျွန်မ နည်းနည်းနောက်ကျသွားတယ်!"
သူမ တမင်တကာနောက်ကျမှရောက်လာသည်ကို လင်ရှီး သိသည်မှာ အသေအချာပင်။ သူမ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး၊ ကျွန်တော်လည်း ခုနလေးကမှ ရောက်တာ။"
ထိုင်ခုံမှ ကျော့ရှင်းစွာထလိုက်ပြီး ကောင်မလေးအတွက် ညင်ညင်သာသာဖြင့် ထိုင်ခုံကို ဆွဲပေးလိုက်ကာ သူမ ထိုင်ချသည်အထိ စောင့်နေပြီးမှ ဝတ်စုံကို ထုတ်ပေးလိုက်သည်။
"ဒီမှာပါ။"
မုန့်ကျင်းယွဲ့ သူ့ကို ကျေးဇူးတင်လိုက်ပြီး သူမ ၎င်းကို လှမ်းယူလိုက်သောအခါ 'မတော်တဆ'ဖြင့် သူမ ပခုံးကြိုးကို ပြုတ်ကျစေလိုက်ပြီး မသိချင်ယောင်ဆောင်ရင်း ထို 'အမျိုးသား'၏ တုံ့ပြန်မှုကို ဂရုတစိုက် ကြည့်နေလိုက်သည်။
"ဟုတ်သား၊ ကျွန်မ မနေ့က ရှင့်ကုတ်ကို ပြန်ပေးဖို့ မေ့သွားတယ်။"
သူမ အကျီအိတ်ကို ထိုသူ့ဆီ လှမ်းပေးလိုက်လျှင် ရည်ရွယ်ချက်ရှိရှိ ကိုယ်ကိုငုံ့ကိုင်းလျက် သူ့မျက်လုံးများသို့ ဆွဲဆောင်မှုရှိသော ရှုထောင့်တစ်နေရာကို လှစ်ဟပြလို့နေ၏။
လင်ရှီးက ၎င်းကို တည်တည်ငြိမ်ငြိမ်ပင် ရင်ဆိုင်လိုက်ကာ အေးတိအေးစက်မျက်လုံးများဖြင့် မျက်နှာလွှဲလိုက်သည်။
"မစ္စ ခင်ဗျားပုခုံးကြိုး ကျနေပါတယ်။"
'သူ့'၏သတိပေးချက်နှင့် 'သူ့'၏ အမူအရာကို မြင်လိုက်ရပြီး မုန့်ကျင်းယွဲ့က ရှက်ရွံ့စွာဖြင့် ပခုံးကြိုးကို ပြန်တင်လိုက်သည်။
သူမ စိတ်ထဲတွေးမိသည်၊ ဒီလူက သူမ ယခင်ကမြင်ဖူးသော ယောင်္ကျားများနှင့် ကွာခြားပေသည်။ သူ့မျက်လုံးထဲတွင် ရမ္မက်ဆန္ဒများမရှိ၊ လူကို နားလည်ရခက်စေလေသည်။
"မစ္စတာ ကျွန်မကို ချဉ်းကပ်တာ ဘာရည်ရွယ်ချက်နဲ့လဲ။"
အစားအသောက်ကို ကိုင်တော့မည့် လင်ရှီး၏လက်မှာ တုန်ယင်သွားရသည်။ သူမ မော့ကြည့်ကာ တည်ငြိမ်စွာဖြင့် လက်သုတ်ချင်ယောင်ဆောင်လိုက်၏။