Kiss Husband - 22
အပိုင်း (၂၂) ကိုယ်ပိုင်စားဖိုမှူး။
အရသာရှိကာ နူးညံ့လှသော ပုဇွန်အသားမှာ အရသာကွက်တိပင်ဖြစ်ပြီး လျှာဖျားထိပ်တွင် အရည်ပျော်၍သွားပေသည်။
....
"ယိကျစ်၊ ကျွန်မ ရှင့်ကို ကိုယ်ပိုင်စားဖိုမှူးအဖြစ် ငှားရင်ရော ဘယ်လိုလဲ။ အရသာတကယ်ကောင်းတာပဲ! ကျွန်မ ပုံမှန်ဆို အစပ်မစားဘူး၊ ကြိုက်လည်းမကြိုက်ဘူးရယ်၊ ဒါပေမဲ့ ရှင်လုပ်ထားတဲ့ ကျောက်ပုဇွန်နဲ့ ပင်လယ်ငါးကြီးကတော့ အရသာက အနေတော်ပဲ၊ ကျွန်မအထင်တော့ ရှင်စားဖိုမှူးမလုပ်တာ နှမြောစရာ။"
လင်ရှီးက စိတ်လှုပ်ရှားစွာ ပြောပြီး ငါးကြီးအသားလေးကို တူဖြင့်ညှပ်ကာ ပါးစပ်ထဲထည့်လိုက်သည်။
သူမ စိတ်ထဲတွေးမိ၏။ ရှင့်ကိုလက်ထပ်ချင်တဲ့သူ၊ ရှင်ဇနီးလုပ်တဲ့သူကတော့ ဘိုးဘေးတွေအုတ်ဂူက မီးခိုးထွက်တာပဲ။
မဟုတ်သေးပါဘူး၊ သူကအခု ငါ့ ယောင်္ကျားမဟုတ်ဘူးလား၊ မေ့တော့မလို့၊ လက်စသတ်တော့ ငါ့ဘိုးဘေးတွေအုတ်ဂူကပဲ မီးခိုးထွက်တာကိုး။
ရွှီယိကျစ်၏မျက်လုံးများမှာ ကြယ်ကလေးများလို လင်းလက်သွားပုံပေါ်ပြီး နှလုံးသားမှာလည်း ပို၍နူးညံ့လာရသည်။ အထူးသဖြင့် သူမက 'ကိုယ်ပိုင်'ဟူသည့်စကားလုံးကို ပြောလိုက်ချိန်တွင် ဖြစ်သည်။
သူပြင်ဆင်ပေးထားသောဟင်းများကို စားနေသော သူမအား ကြည့်ရသည်မှာ သူ့အတွက် ယာယီပျော်ရွှင်မှုလေးပါပေ။ သူမ မှတ်ဉာဏ်ပြန်ရလာလျှင် မိမိတို့လည်း အရင်ကလို ပြန်ဖြစ်သွားမယ်မဟုတ်လား။
"ဘာပြန်ပေးမှာလဲ။"
လင်ရှီးက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်၊ သူမမျက်တောင်လေးများက ယပ်တောင်တစ်ချပ်လို့ ခပ်မြန်မြန်ထိခတ်သွားကြလျက်။
"ဘာပြန်ပေးရမှာတုန်း။"
ပုဇွန်များကို အခွံခွာနေသည့် သူ့ပုံစံမှာ အဖိုးတန်လှသည်။
"ကိုယ်ပိုင်စားဖိုမှူး လုပ်ပေးရရင်လေ။"
သူမ ပါးစပ်ထဲထည့်လိုက်သော ထမင်းက သီးမလိုပင်ဖြစ်သွားရသည်။ အစားအသောက် ကောင်းကောင်းချက်ပေးလို့ သူ့ကိုချီးမွမ်းတဲ့စကားလို့ ပြောလိုက်လို့ရသေးလား။ လွှမ်းမိုးနိုင်စွမ်းကြီးလှသော CEO ကြီးက သူမအတွက် ကိုယ်ပိုင်စားဖိုမှူး လုပ်ပေးရခြင်းက အလွန်နှိမ်ချရာရောက်သည်။