Kiss Husband - 83
အပိုင်း (၈၃) သန့်ရှင်းရေးအလုပ်သမား။
အော်မုန့်ရွှယ် အိမ်ပြန်ရောက်သည်နှင့် သူမ ချက်ချင်းအဝတ်များချွတ်ကာ ခါးနှင့်ညှပ်ရိုးတို့ကို ကြည့်လိုက်သည်။ ရလာဒ်များမှာ ထိတ်လန့်စရာပင်။
အဲဒီသေသင့်တဲ့လင်ရှီးကတော့၊ "ရှီး__အ!"
သူမ အသားထဲ မတော်တဆစိုက်ဝင်နေသော အပ်များကို ဆွဲထုတ်ရင်း လင်ရှီးအား အမုန်းကြီးမုန်းနေမိသည်။
တကယ်သေသင့်တဲ့မိန်းမ!
"ချန်ကျဲ လစာရပြီလား။"
"ငါ့ဟာတော့ မရသေးဘူး၊ တစ်နေ့ကတော့ ကဒ်ထဲထည့်လိုက်မယ် ပြောတယ်၊ ဒါပေမယ့် ငါခုနလေးတင် သွားကြည့်တာ ငွေအမောင့်က မပြောင်းသေးဘူး။"
မုန့်ရှင်းယန်မှာ စိတ်ရှုပ်စွာဖြင့် သစ်ကိုင်းသစ်ခက်များကိုသာ ကြည့်နေမိသည်၊ တောက်ပနေသောနေရောင်က သစ်ကိုင်းနှင့်သစ်ရွက်များကြားမှ ထိုးကျနေကာ နေပြောက်လေးများ ဖြစ်ပေါ်လာစေသည်။
"ဟုတ်တယ်နော်၊ လစာယွမ် ၂ထောင်လည်း ဘယ်တော့မှ ပေးမလဲမသိဘူး။"
ဘယ်တော့မှ ပိုက်ဆံပြန်ဆပ်နိုင်မှာလဲမသိ။
ဒီအသစ်ရောက်လာသော သန့်ရှင်းရေးအလုပ်သမားကို နဂိုတည်းက ကြည့်မရသော အသက်ငယ်ငယ်သန့်ရှင်းရေးသမားတစ်ယောက်က မတုံ့ဆိုင်းနေဘဲ သူမကို လှောင်ပြောင်သည့်အနေဖြင့် ခနဲ့လိုက်သည်။
"အော လစာကနည်းတယ်လို့ထင်တယ်ပေါ့? ဒါဖြင့် တခြားဟာသွားလုပ်လေ၊ နိုက်ကလပ်ဆိုရင် သင့်တော်မယ်ထင်တယ်နော်၊ ရှင့်ဒီလိုမြေခွေးလိုမျက်နှာမျိုးနဲ့ တစ်ညကို တစ်ထောင်လောက် ရနိုင်တယ်။"
မုန့်ရှင်းယန်က ခေါင်းငုံ့ကာ တံမြက်စည်းလှည်းနေသည်။ သူမ ဒေါသထွက်လျှင်တောင် ဘာပြဿနာကိုများ ဖြေရှင်းနိုင်မှာလဲ။
သူများပါးစပ်ပေါက်ပဲလေ၊ သူတို့ပြောချင်တာပြောပါစေ။
"ရှောင်ကျောက်၊ နင့်ပါးစပ်ကြီး ပိတ်ထားစမ်းပါ၊ အရင်တစ်ခေါက်က နင့်တစ်နေ့စာအလုပ်တွေ ရှောင်မုန့်ပဲ လုပ်ပေးခဲ့တာလေ၊ သူများကို အဲလိုပြောတာ နင်မလွန်လွန်းဘူးလား။"