Kiss Husband - 176
အပိုင်း (၁၇၆)
ရှောင်နော့ကလည်း တစ်ခုခုသတိထားမိသွားပုံပေါ်ပြီး သူ့မျက်လုံးထဲ မျက်ရည်များဝေ့လာသည်။
“မေမေ အဲဒီဦးလေးကြီးက ခွေးလေးတွေကို ခေါ်သွားတာလားဟင်။"
လင်ရှီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ့ခေါင်းလေးကို ပွတ်သပ်ပေးနေရင်း အချိန်အတန်ကြာပြီးတော့မှ တုံ့ဆိုင်းစွာ ခေါင်းညိမ့်လာသည်။
သူမ ပေါက်စလေးအား ဒီလိုရက်စက်သောကိစ္စများကို မသိစေချင်သော်လည်း ရှောင်နော့ ကိုယ့်ကိုကိုယ်တာဝန်ယူမှုရှိတတ်ရန် သင်ယူရမည်ပင်။
"မေမေ၊ ရှောင်နော့ မှားပါတယ်၊ ရှောင်နော့ ခွေးလေးတွေကို လာမကြည့်ခဲ့သင့်ဘူး၊ အဲဒါဆို ခွေးလေးတွေလည်း ခေါ်သွားခံရမှာမဟုတ်ဘူး။"
လင်ရှီး သူ့မျက်နှာသေးသေးလေးကို ဂရုတစိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးလေးများတွင် ဝမ်းနည်းရိပ်နှင့် ကိုယ့်ကိုကိုယ်အပြစ်တင်နေရိပ်များ မြက်လိုက်ရသည်။
"ရှောင်နော့ရယ် မေမေလည်း မှားပါတယ်။"
"မေမေ သားတို့ ခွေးကလေးလေးတွေကို သွားရှာလို့ရမလားဟင်။"
"ရှောင်နော့ပြောတာမှန်တယ်၊ မေမေတို့ ခွေးအမေကြီးကို သူ့ကလေးလေးတွေ ကူရှာပေးရမယ်။"
သို့သော် ရှောင်နော့ကသာ ထိုလူ၏ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်နိုင်ခြင်းဖြစ်၍ ရှောင်နော့ သူ့အဝတ်အစားများကိုသာ မှတ်မိလေသည်။
သူတို့ လမ်းတစ်လျှောက် လူအများကြီးကို မေးခဲ့ကြပြီး အချိန်တော်ကြာ ရှာဖွေခဲ့ကြသည်၊ သို့သော် ဘယ်သူကမှ ထိုသို့သောလူမျိုးကို မမှတ်မိကြပဲ ဒီနေရာတွင် စောင့်ကြည့်ကင်မရာတစ်ခုပင် မရှိခဲ့။
"မေမေ..."
ရှောင်နော့ ခေါင်းလေးငုံ့ကာ စိတ်ရှုပ်စွာဖြင့်မေးလိုက်သည်။
"သားတို့ခွေးလေးကို ရှာလို့ရပါ့မလားဟင်။"
"..."
သူမနှင့်ရှောင်နော့တို့ အိမ်ပြန်ရောက်သောအခါ ရွှီယိကျစ်က အစားအစာပင် ပြင်ဆင်ပေးထားပြီးဖြစ်ပြီး အုပ်ဆောင်းနှင့်ဖုံးအုပ်ထားလေသည်။