Kiss Husband - 41
အပိုင်း (၄၁) မဖိတ်ခေါ်ထားသော ဧည့်သည်။
ရွှီယိကျစ်၏မျက်လုံးများက မှောင်မှိုင်းနေလျက် ပြတင်းပေါက်အပြင်ရှိ လှုပ်ရှားသွားလာနေကြသောမြင်ကွင်းကို ကြည့်လို့နေသည်။
"မနေ့က ကိစ္စ မင်းနဲ့ငါမကျေသေးဘူးနော်။"
အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သော်လည်း ချီကျင့်ယွီမှာ ကျောချမ်းသွားရပြီး မျက်လုံးများက ဟိုဟိုဒီဒီရွေ့ကြည့်နေသည်။
"ကော ကျွန်တော်သစ္စာရှိတာ လုံလောက်နေပြီကို၊ သတင်းပေးပေးတဲ့အနေနဲ့ ဘာလို့ မချမ်းသာပေးရတာလဲဗျာ။"
သူ့မျက်နှာထက် ဖားလိုသောအပြုံးလေးဖြင့်။
"ဘယ်လိုပဲဖြစ်ဖြစ် ကောအဘိုးကတင် အာဏာရှိနေတာ၊ ကောမိဘတွေလည်း နောက်မှာရှိနေလိမ့်မယ်လို့ ဘယ်လိုလုပ်သိမှာလဲလို့၊ အဲ့လို အားကြီးတဲ့ပေါင်းစပ်မှုကြီးကို ကျွန်တော် မနိုင်နိုင်ဘူးလေ!"
ရွှီယိကျစ်က သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်ရင်း။
"နောက်တစ်ခေါက် မရှိစေနဲ့"
ချီကျင့်ယွီက ချက်ချင်း 'ကျေးဇူးတင်စွာ'ပြုံးပြလိုက်သည်။
"ဥက္ကဌလူကြီးမင်း သဘောထားကြီးတော်မူလှပါပေတယ်၊ ကျွန်တော်မျိုး ကုမ္ပဏီကနေ အမြန်ဆုံးထွက်သွားပါတော့မယ်ခင်ဗျာ။"
သူ့အသည်းနှလုံးလေးမှာ အင်မတန်ကြောက်လန့်သွားရ၍ ရွှီယိကျစ်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို မမေးရဲတော့ဘဲ စကားပြန်ပြောလာသည်ကိုပင် မစောင့်၊ လှစ်ခနဲပြေးသွားလေတော့သည်။
ရွှီယိကျစ်က စားပွဲပေါ်ရှိ စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ဆွဲထုတ်ကာ မီးညှိလိုက်သည်။
ထိုအချိန် ပထမထပ်ရှိ ဧည့်ကြိုကောင်တာတွင် 'မဖိတ်ခေါ်ထားသောဧည့်သည်' ရောက်လာချေသည်။
"မဂ်လာပါ မစ္စ၊ ဘာများကူညီပေးရမလဲရှင့်။"
ဧည့်ကြိုစာရေးမလေးက စိတ်လှုပ်ရှားနေမှုကို ထိန်းထားကာ ယဉ်ယဉ်ကျေးကျေးမေးသည်။