Kiss Husband - 168
အပိုင်း (၁၆၈)
ရှန်ပင်းချန့်က အချိန်မကြာခင်တွင် ချိန်းဆိုထားသောနေရာသို့ ရောက်လာခဲ့သည်။
"လင်ရှီးကျဲ၊ မတွေ့တာကြာပြီးနော်။"
"စာသားနဲ့သီချင်းတွေအကုန် ဒီ USB drive ထဲမှာရှိတယ်။"
ရှန်ပင်းချန့်က အံ့အားတသင့်ဖြင့် မျက်ခုံးများပင့်သွားပြီး။
"စာသားတွေပဲလို့ပြောခဲ့တာ မဟုတ်ဘူးလား။"
"ငါ ယာယီပဲရေးထားခဲ့တာ၊ ဒါပေမယ့် စီးပွားရေးအတွက်မသုံးပါဘူးလို့ နင် ငါ့ကိုကတိပေးရမယ်။"
"ငါ နင့်ကို အခွင့်အရေးပေးမယ်၊ နောက်ဆုံးအကြိမ်အဖြစ်။"
လင်ရှီးစကားကိုကြားလျှင် ရှန်ပင်းချန့်၏နှုတ်ခမ်းစွန်းများက မြင့်သထက်မြင့်တက်လာသည်။
"ဒါပေါ့၊ ဒါ လင်ရှီးလောင်ရှစ်သီချင်းတွေပဲဟာ၊ ဘာလို့စီးပွားရေးအတွက်သုံးရမှာလဲ။"
အော်မုန့်ရွှယ်က "တိုက်တိုက်ဆိုင်ဆိုင်"ဖြတ်သွားသောအခါ လင်ရှီးနှင့် ရှန်ပင်းချန့်တို့က အတူထိုင်လျက် ရယ်ရယ်မောမောဖြင့် စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ ခုနလေးကတင် လင်ရှီးက သူမအား ဒီကိုလာရန် ခေါ်ခဲ့၏။ သူမမှာ မိမိတစ်ယောက်တည်းလို့သာ ထင်ခဲ့သည်၊ ရှန်ပင်းချန့်ကပါ ဘာလို့ရောက်နေရတာလဲ။
သူမ သူတို့နားကပ်သွားချိန်တွင် သူတို့ ချီကျားယန်အကြောင်း ပြောနေကြပုံပေါ်သည်ကို ကြားရသည်၊ သို့သော် သူတို့ပြောနေသည့်စကားများကိုတော့ သူမ မကြားလိုက်ပေ။
"ဟုတ်ပြီ ဒါကိုအရင်လုပ်တာပေါ့၊ ငါ တခြားချိန်းထားတာလည်းရှိသေးလို့။"
"ဒါဖြင့် ငါအရင်သွားပြီနော်၊ ကျေးဇူးပါ လင်ရှီးကျဲ။"
အော်မုန့်ရွှယ်က ဘေးသို့အလျင်အမြန် ဝင်ပုန်းလိုက်ပြီး ရှန်ပင်းချန့်က ဘေးဘီဝဲယာ ကြည့်မနေဘဲ ဖြတ်လျှောက်သွားခဲ့၏။
တကယ်တော့ ငါက သူ့အေးဂျင့်လေ၊ ဘာကိစ္စ ပုန်းစရာလိုနေလို့တုန်း။