Kiss Husband - 72
အပိုင်း (၇၂) ရှေ့မှာ လုပ်နိုင်စွမ်းတွေအများကြီးကျန်သေးတယ်။
အော်မုန့်ရွှယ်စကားများကိုကြားသော် လင်ရှီးမျက်နှာထက်ရှိအပြုံးက ဖြည်းဖြည်းချင်း ထင်ရှားလာ၏။
"မုန့်ရွှယ် ငါကနင့်ကိုသံသယဝင်မယ်ထင်လို့လား။"
အော်မုန့်ရွှယ်က တစ်ချက်ဟက်ခနဲရယ်လိုက်ကာ ပြော၏။
"မထင်ဘူးပေါ့ဟ၊ ငါတို့ကသူငယ်ချင်းကောင်းတွေပဲလေ။"
"ဆိုတော့ နင်ကဘာတွေမသ်ကာဖြစ်နေသေးတာတုန်း။"
သူမ၏အပြစ်ကင်းဖြူစင်သော မျက်လုံးများကို မြင်သောအခါ အော်မုန့်ရွှယ်မှာ ရင်ထဲရှိအစိုင်အခဲကြီးကို ဖြည်းဖြည်းချင်းလွှတ်ချလိုက်နိုင်သည်။ သူမ အစိုးရိမ်လွန်သွားပုံပေါ်ပါသည်။ ဒီကောင်မလေးက ငတုံးမလေးသာ ဖြစ်နေဆဲပင်။ နဂိုကတော့ လင်ရှီးက အရင်နှင့်မတူတော့ဟု သူမ၏ ဆဌမအာရုံက ပြောနေခဲ့သည်၊ သို့သော် အခုကြည့်ရတာ သူမကပဲ ဆတ်ဆတ်ထိမခံဖြစ်နေပုံရပါသည်။
...
အချိန်တို့ ကုန်ဆုံးသွား၍ မျက်တောင်တစ်ခတ်စာတွင်ပင် တစ်လကုန်သွားခဲ့သည်။
"လင်ရှီး ခုတလော အလုပ်ကိစ္စတွေ မချိန်းချင်ဘူး ပြောခဲ့တယ်မဟုတ်လား၊ ဘယ်လိုဖြစ်လို့ "ပင်လယ်မြေခွေးဟိန်းသံ"အတွက် လူရွေးပွဲဝင်ပြိုင်ချင်သွားရတာလဲ။"
သူမ မူလက ထိုအတွက်စီစဉ်ပေးချင်ခဲ့၏၊ သို့သော် အကယ်၍ လင်ရှီးသာ လူရွေးပွဲအောင်သွားခဲ့လျှငိ သူမတန်ဖိုးက နှစ်ဆတက်သွားမည်ဖြစ်ကာ ပို၍တန်းဖိုးရှိလာပေလိမ့်မည်၊ သူမ မအောင်ခဲ့လျှင်လည်း ရလာဒ်အတွက်ကို အကျိုးအမြတ်နှစ်ဆ ရလိမ့်မည်။
လင်ရှီး နင်က ငါ့ရေကန်ထဲက ငါးတစ်ကောင်သာသာပါပဲ၊ ကိစ္စမရှိဘူး၊ ဖြည်းဖြည်းချင်း ဝ,လာစမ်းပါစေ၊ ပြီးရင်တော့ နင့်ပေါ်ကအကြေးခွံတွေ ခွာပစ်ရတာပေါ့။
"ငါ့အေးဂျင့် စီစဉ်ပေးတာ။"
"ဟုတ်ပြီ ဒါလည်းကောင်းတာပါပဲ၊ "ပင်လယ်မြေခွေးဟိန်းသံ"ရဲ့ ရိုက်ကူးရေးအဖွဲ့က တစ်ကမ္ဘာလုံးက အမျိုးသမီးသရုပ်ဆောင်တွေကို လူရွေးပွဲခေါ်ပြီးပေမယ့် သင့်တော်တဲ့သူမရှိခဲ့ဘူး ကြားတယ်၊ ဒီတစ်ခေါက် ဒီကိုလာရင် နင် အခွင့်အရေးကို ကောင်းကောင်းအသုံးချရမယ်နော်။"