Kiss Husband - 127
အပိုင်း (၁၂၇) ကျွန်မ ရှင့်ကို မုန်းတယ်။
ထပ်ပြီး အဲဒီပါပါရာဇီပဲလား။
လင်ရှီး မျက်လုံးများ မှေးကျဉ်းလိုက်ပြီး။
"အမေ ကျွန်မ သန့်စင်ခန်းခဏသွားဦးမယ်၊ အရင်စားနှင့်ကြနော်။"
သခင်ကြီးရွှီက နှုတ်ဆက်လိုက်သည်။ "ရှောင်မုန့် ဘာမှအားမနာနဲ့၊ မိသားစုဝင်လိုပဲ သဘောထားနော်။"
ရွှီရှင်းရုန်ကလည်း ထပ်ဖြည့်ပြော၏။ "အဖေပြောတာမှန်တယ်၊ ကျွန်တော်တို့က မိသားစုတွေပဲလေ၊ ခင်ဗျားရော ရှောင်ရှီးရော ကျွန်တော်တို့ကို အပြင်လူလို့မြင်စရာမလိုပါဘူး။"
မုန့်ရှင်းယန်က ပြုံးကာ ခေါင်းညိမ့်လိုက်ရင်း သူမစိတ်ထဲ အတော်လေး ပေါ့ပါးသွား၏။ ရှီးအာပြောခဲ့သည့်အတိုင်း သူတို့က တကယ်လူကောင်းများ ဖြစ်ကြပါသည်။
"ယိကျစ်အဖေနဲ့ကျွန်မက တစ်နှစ်ပတ်လုံး အပြင်ရောက်နေတာလေ၊ ဒီကောင်လေးက ကျွန်မတို့မရှိတုန်း လက်ထပ်သွားမယ်လို့ ထင်မထားဘူး၊ သူ့အမေမှာ ရှောင်ရှီးအတွက် မတရားသလိုခံစားရတယ်လေ၊ အခု ရှောင်ရှီးမရှိတုန်း ကျွန်မတို့ တင်တောင်းငွေအတွက် ပြန်ဖြည့်ပေးသင့်တာပေါ့၊ ရှင် လက်ခံရမယ်နော်။"
မုန့်ရှင်းယန်က ချက်ချင်းပင် ခေါင်းယမ်းလိုက်၏။
"မဟုတ်တာ မဟုတ်တာ၊ ကျွန်မ ဒီပိုက်ဆံ မယူနိုင်ပါဘူးရှင်၊ ကျွန်မသမီး ပျော်ရွှင်သ၍ အဆင်ပြေပါတယ်။"
မုန့်ဇစ်သီမှာ အစားကိုသာ ဒိုင်ခံစားနေပြီး ရံဖန်ရံခါမှ မော့ကြည့်လာသည်။
တစ်ချိန်လုံး ဆိတ်ဆိတ်နေခဲ့သော ရွှီယိကျစ်က ဝင်ပြောသည်။ "ယောက္ခမကြီး၊ လက်ခံလိုက်ပါ၊ ကျွန်တော်ရှိနေသ၍ လင်ရှီး မတရားဆက်ဆံမခံရစေရပါဘူး၊ ဒါ့အပြင် တင်တောင်းငွေဒီလောက်လေးနဲ့လည်း လင်ရှီးကို လဲလို့မရနိုင်ဘူးလေ။"
ပါပါးရွှီနှင့် မာမားရွှီတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်၊ ဒီကောင်လေးက ဒီလိုတွေပြောဖို့ ဘယ်ကသင်တာပါလိမ့်။