Kiss Husband - 93
အပိုင်း (၉၃) ကလေးလေး၏ သတင်းအစန။
ဟုတ်ပြီ၊ သူမနားလည်သွားပြီ။ ရွှီယိကျစ်က ဒီလိုရက်စက်သောမြင်ကွင်းကို တွေ့စေခဲ့ရသည့်အတွက် သူမအား မုန်းနေပြီး သူ့ဒေါသများကို သူမအပေါ် ပုံချလိုက်ခြင်းသာ ဖြစ်ရမည်။ ဒါက အဖြစ်နိုင်ဆုံးပင်။
သို့သော် သူ့အဓိပ္ပာယ်ကို ကြည့်ရတာ သူ လက်လွှတ်လိုက်တော့မှာလား၊ သူတို့ ကွာရှင်းကြတော့မှာလား။
ဟုတ်သည်၊ သူမ လုပ်ခဲ့သည်က အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပေသည်။ ရွှီယိကျစ်က ဘယ်သူ့ကိုမှ ထည့်မစဉ်းစားသော အထီးကျန်မြေခွေးတစ်ကောင်နှင့်တူ၏။ သူ လင်ရှီးနှင့် ကွာရှင်းလိုက်လျှင်တောင် မိမိအတွက် အခွင့်အရေးရမည်မဟုတ်ပေ။ မည်သို့ဆိုစေကာမူ ချီကျားယန်ကတော့ ကွာခြားသည်၊ သူက သူမပိုင်ဆိုင်မှု ဖြစ်နေနှင့်ပြီပင်။
လင်ရှီး၊ နောက်ဆုံးမှာ နင်ဘာမှရနိုင်မှာ မဟုတ်ဘူး။
အော်မုန့်ရွှယ်မျက်နှာထက်ရှိ အပြုံးက ပို၍ ကြမ်းကြုတ်ခက်ထန်လာသည်၊ သူမမျက်နှာအမူအရာ ပြောင်းလဲသွား၏။
သူမ ဟော်တယ်အခန်းထဲသို့ ပြန်ရောက်သောအခါ လင်ရှီးမှာ မီးများပွင့်နေသည်ကို တွေ့လိုက်ရ၍ အံ့ဩသွားမိသည်။ သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန်ပြန်ရောက်လာတာတုန်း။
"ယိကျစ် ကျွန်မပြန်လာပြီ။"
သူက ရေပင်ချိုးနှင့်ပြီး၍ ဆိုဖာပေါ်ထိုင်ကာ တီဗီကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူ့မျက်လုံးများက တီဗီပေါ်ရှိ ဇာတ်ကောင်များနောက် လိုက်ပါနေသော်လည်း သူ့အတွေးများကတော့ လင်ရှီးထံတွင်သာ ရှိနေ၏။ သူမ လှည့်၍ ဖိနပ်ပြောင်းစီးလိုက်ချိန်တွင် သူ့ထံ တစ်ချက်ခိုးကြည့်လိုက်ကာ ချက်ချင်း ခေါင်းပြန်လှည့်လိုက်သည်။
သူမ ဆိုဖာဆီလျှောက်သွားပြီး ထိုင်ချလိုက်သောအခါ ရေနွေးနွေးတစ်ခွက်က သူမနှုတ်ခမ်းနားရောက်လာသည်။ ဤအပြုအမူမှာ အကြိမ်ပေါင်းထောင်ချီ ထပ်ခါထပ်ခါ လုပ်ထားဖူးပုံပေါ်၏။ လင်ရှီးက သဘာဝကျစွာပင် ခွက်ကိုယူလိုက်ကာ တစ်ငုံသောက်ပြီးနောက် ပြန်ချထားလိုက်၍ သူ့မျက်လုံးများထဲ တည့်တည့်ကြည့်လိုက်သည်။