Kiss Husband - 131
အပိုင်း (၁၃၁) ကူးစက်ခံရခြင်း။
လင်ရှီး၏ စကားများကို ကြားသောအခါ ယောင်ရူမှာ မသိစိတ်မှ တုန်ယင်မိသွားရသည်၊ သို့သော် သူမက အပြင်ပန်းတွင်တော့ တည်ငြိမ်နေဆဲ။ “ဟုတ်တယ်နော် နင်ပြောတာ အမှန်ပဲ၊ ငါ့မှာလုပ်စရာလေးတစ်ခုရှိနေတာ၊ နောက်ကျလို့မရဘူးလေ။”
“စီနီယာ၊ ဖြည်းဖြည်းသွားပါ။”
လင်ရှီးက သူမနောက်ကျောကို ကြည့်နေလိုက်သည်၊ သူမက တည်တည်ငြိမ်ငြိမ်လျှောက်နေပုံပေါ်သော်လည်း လင်ရှီးအမြင်တွင်မူ အနည်းငယ် လမ်းပျောက်နေပုံပေါ်လေသည်။
ဤသည်မှာ လင်ရှီးလိုချင်သည့်အရာပင်။ သူမ(ယောင်ရူ)ကို ဟန့်တားစေနိုင်နေသ၍ အချိန်တိုတစ်ခုအထိတော့ မည်သည့်အကွက်သေးသေးလေးများကိုမှ ရွှေ့ရဲဦးမည်မဟုတ်ပေ။
ဖေရှန်း၏ရုံးခန်းထဲတွင်။
“ကျွန်မ အရင်တစ်ခေါက်က ရှင့်ကိုပြောဖို့ မေ့သွားတာ၊ ပင်လယ်မြေခွေးဟိန်းသံက ဖုန်းဆက်လာတယ်၊ ရိုက်ကူးရေးလုပ်မယ့်အချိန်က နှစ်၀က်လောက် နောက်ဆုတ်သွားမယ်တဲ့။”
ဖေရှန်း အနည်းငယ် ပဟေဠိဖြစ်သွားခဲ့၏။ ဒါရိုက်တာ ၀ေးလိဖူး(William) မှာ ရိုက်ကူးရေးစတင်ရန် စိတ်အစောနေဆုံးလူ ဖြစ်သင့်ပေသည်လေ၊ အဘယ်ကြောင့် ဒီလောက်ကြာအောင် နှောင့်နှေးနိုင်ရသနည်း။
“ဘာလို့လဲဆိုတာ သူတို့ပြောသေးလား။”
လင်ရှီး၏မျက်လုံးများတွင်လည်း သံသယရိပ်များ ပေါ်ထွက်လာသည်။
“ဟင့်အင်း၊ ကျွန်မအထင်တော့ သရုပ်ဆောင်ပိုင်းမှာ ပြဿနာရှိနေတယ်ထင်တယ်၊ နောက်ထပ်ထပ်အပြောင်းအလဲတွေ မရှိဖို့ မျှော်လင့်ရတာပဲ၊ ကျွန်မအရင်ရှင့်အတွက် အကြောင်းကြားစာ ယူထားပေးမယ်လေ၊ အချိန်ကျလာရင် ရှင်ယူလိုက်လို့ရတယ်။”
လင်ရှီးက မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်လိုက်၍ “ဖေကျဲ၊ ကျွန်မ စတားအင်တာတိန်းမန့်မှာတုန်းက ၃ နှစ်လုံးလုံး ခရီးမထွက်ခဲ့ရဘူးရော်၊ ကျွန်မတို့ ဖြည်းဖြည်းချင်းလေးပဲသွားလို့ရမလားဟင်။”