Kiss Husband - 124
အပိုင်း (၁၂၄)
ထိုအမျိုးသမီးက တွေးကြည့်လိုက်သောအခါတွင်လည်း မှန်ပေသည်၊ ပုံထဲရှိအမျိုးသားက ဘယ်သူပဲဖြစ်ဖြစ်၊ အဓိကဇာတ်ဆောင်မှာ လင်ရှီးပင်ဖြစ်သည်။
"ကောင်းပါပြီ။"
ယောင်ရူ၏မျက်လုံးများမှာ ရက်စက်ခက်ထန်လို့နေသည်၊ နင်က လှပါတယ်၊ ဒါပေမယ့် ရွှေ့တဲ့နေရာ မှားပြီး ငါ့အပိုင်ကို ယူသွားရဲမှတော့ ဒါက နင်ပြန်ပေးဆပ်ရမယ့်တန်ကြေးပဲ။
ထိုအမျိုးသမီးက မဂ္ဂဇင်းတိုက်သို့ပြန်သွားသောအခါ ဉာဉ့်နက်နေပြီဖြစ်ပြီး မုန့်ရှင်းယန်တစ်ယောက်တည်းကသာ အလုပ်လုပ်လျက်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။
"ရှင်းယန်ကျဲ ဘာလို့အိမ်မပြန်သေးတာလဲ။"
"အော ငါ အင်တာဗျူးအတွက် အကြမ်းရေးနေတာလေ၊ နောက်တနလ်ာကျ လင်ရှီးနဲ့ အင်တာဗျူးလုပ်မှာမို့။"
ထိုအမျိုးသမီးက ပဟေဠိဆန်ဆန်ပြုံးလိုက်ပြီး။
"ရှင်းယန်ကျဲ ကျွန်မအထင် ရှင်တော့ ဘာမှမဟုတ်တာအတွက်နဲ့ အလုပ်ရှုပ်ရတော့မှာပဲ၊ အဲဒီနေ့ ရှင် သူ့ကိုရှာလို့တောင်တွေ့တော့မှာမဟုတ်ဘူးလို့ ကျွန်မ ပြောရဲတယ်။"
မုန့်ရှင်းယန်က ကွန်ပျူတာထက်မှ ခေါင်းထောင်လာသည်။ "ဘာလို့လဲ။"
"ဘာပဲဖြစ်ဖြစ် မနက်ဖြန်ခေါင်းကြီးပိုင်းမှာ ပါလာမှာပဲလေ၊ ရှင့်ကို ပြောပြလို့ရပါတယ်။" ထိုအမျိုးသမီးက လျှို့လျှို့ဝှက်ဝှက်ဖြင့် ရှေ့သို့တိုးလာကာ "လင်ရှီးမှာ အိမ်ထောင်ရှိတယ်။"
မုန့်ရှင်းယန်၏ရင်ထဲ ရုတ်တရက် တင်းကြပ်သွားသည်၊ သူမ ဘယ်လိုသိသွားတာလဲ။
သူမ ပျာယာခတ်သွားသော်လည်း မျက်နှာပျက်မသွားပေ။ "နင် တစ်ခုခု ဖမ်းမိသွားလို့လား။"
"ဒါပေါ့၊ ကျွန်မ သူ့နောက်လိုက်နေတာ ကြာပြီ၊ နောက်ဆုံးတော့ သက်သေရခဲ့ပြီလေ၊ ကျွန်မ ကြိုးစားခဲ့ရတာပေါ့။"
မုန့်ရှင်းယန်မှာ လျင်မြန်စွာ မျက်နှာပြောင်းလဲသွားတော့သည်။ "ဒါဆို နင်တွေးကြည့်ဖူးရဲ့လား၊ အဲဒါ သတင်းအမှားသာဆို ငါတို့မဂ္ဂဇင်းတိုက် တရားစွဲခံရနိုင်တယ်။"