Kiss Husband - 19
အပိုင်း (၁၉) ဇိမ်ခံဗီလာ။
သူမ မျက်ရည်များ သုတ်ပြီးနောက် အကျီလက်များကို ခါယမ်းလိုက်သည်။ ကောင်းကင်ကြီးမှာ ရေဆေးချခံထားရသည့်အလား ကြည်ပြာနေဆဲ။
"ယိကျစ်၊ ကျွန်မတို့ အိမ်ပြန်ကြရအောင်။"
ရွှီယိကျစ်၏နှလုံးသားမှာ ထပ်မံတင်းကြပ်သွားရပြန်သည်။ လင်ရှီး ဘယ်လောက်ထိ မှတ်မိသေးလဲ သူမသိချေ။
သူတို့လက်ထပ်သည့်နေ့ကတည်းက နာမည်သာရှိကာ ခွဲ၍နေထိုင်ခဲ့ခြင်းဖြစ်သည်။
ထိုညက မုန်တိုင်းကြမ်းနေစဉ် သူမက တည်တည်ငြိမ်ငြိမ်ပင် ဓားမြှောင်ကိုကိုင်ကာ သူမ လက်ကောက်ဝတ်ထက် တင်လိုက်လျက် မျက်လုံးများမှာ အမူအရာမဲ့နေခဲ့သည်။
"ကျွန်မမှာ သတ်မှတ်ချက် ၄ ခုရှိတယ်၊ ရှင်ကတိပေးတာ မပေးတာတော့ ရှင့်အကြောင်းပေါ့။"
"ပထမဆုံး ကျွန်မ ဘာဇနီးမယားတာဝန်ကိုမှ ဖြည့်ဆည်းပေးမှာမဟုတ်ဘူး၊ ဒုတိယ လူမြင်ကွင်းမှာဆို ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မသိသလိုဟန်ဆောင်ကြရမယ်၊ တတိယ ကျွန်မတို့ လက်ထပ်ထားတဲ့ကိစ္စကို လျှို့ဝှက်ထားနိုင်မယ်လို့ မျှော်လင့်တယ်၊ စတုတ္ထကတော့ ကျွန် ရှင်နဲ့ တစ်မိုးတည်းအောက် မနေချင်ဘူး။"
ထိုအချိန်က သူ့နှလုံးသားကို ပင်အပ်များဖြင့် ထိုးစိုက်ခံထားရသည့်အလား၊ သို့သော် သူ့မျက်နှာမှာတော့ အေးတိအေးစက်ဖြင့် မာကျောနေခဲ့သည်။
"ငါ ဘယ်သူ့ဆီကမှ ခြိမ်းခြောက်မခံခဲ့ရဖူးဘူး။"
သူ ကိုယ်ကိုလှည့်လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ရုတ်တရက် ရပ်တန့်သွားသည်၊ သူ့နှုတ်ခမ်းပါးများ ပွင့်ဟလာပြီးနောက် အေးစက်အကြင်နာမဲ့စွာ ပြောလိုက်၏။
"ကွာရှင်းတာကလွဲလို့ မင်းသဘောပဲ။"
ထို့နောက် သူတံခါးကို ဆောင့်ပိတ်ကာ ထွက်သွားလိုက်သည်။ မုန်တိုင်းထဲတွင် သူ့တကိုယ်လုံးမှာ မိုးရေများစိုရွှဲလျက်၊ ခိုက်ခိုက်တုန်အောင် ချမ်းနေပါသော်လည်း သူ့ကိုယ်ထဲရှိ နာကျင်မှုက မီးတစ်စလို လောင်ကျွမ်းနေခဲ့ပေသည်။