Kiss Husband - 139
အပိုင်း (၁၃၉) သူမနဲ့ တွေ့ဖြစ်သွားတယ်။
ကတုံးပြောင်ဖြင့် ချစ်စရာကလေးလေးနှစ်ယောက်က သစ်ပင်ကြီးအောက်တွင် ကျောချင်းကပ်၍ ထိုင်နေကြသည်။
"ရှောင်ဖန့် မင်း နောက်ဆို မိန်းမတွေအနား လုံးဝ မသွားရဘူးနော်၊ ငါ ရှစ်ဖူကို မေးကြည့်လိုက်တာ၊ ရှစ်ဖူက တောင်ခြေကမိန်းမတွေက အကုန်ကျားရဲတွေချည်းပဲလို့ ပြောတယ်၊ အရမ်းရက်စက်တယ်တဲ့။"
ရှောင်ဖန့်လေးက စိတ်ရှုပ်သွား၍ မျက်တောင်တဖျတ်ဖျတ်ခပ်လျက်။
"ကျားဆိုတာ ဘယ်လိုပုံစံကြီးလဲ။"
"ငါတော့ မမြင်ဖူးဘူး၊ မင်းမြင်ဖူးလား။"
"ငါကျားတော့ တစ်ခါမှမမြင်ဖူးဘူး၊ ဒါပေမယ့် မိန်းမတစ်ယောက်ကိုတော့ မြင်ဖူးတယ်၊ အရမ်းလှတာကွ! ဘာပဲပြောပြော ဘုန်းကြီးထက်တော့လှတယ်၊ ဒါပေမယ့် မင်းရှစ်ဖူပြောတာ မှန်တယ်၊ မိန်းမတွေက တော်တော်လေးတော့ ကြောက်ဖို့ကောင်းသား၊ သူတို့ ငါ့ကို အမြဲဖက်ရတာ နမ်းရတာကြိုက်ကြတယ်၊ ပြီးတော့ ငါ့မျက်နှာပေါ် တံတွေးတွေပေခဲ့ရော၊ ကျမ်းစာတွေက သူတို့ကို လက်လျှော့လိုက်ဖို့ပြောတာ မဆန်းပါဘူးကွာ၊ ကံကောင်းလို့ ငါဒီနေ့ ငါ့ကိုယ်ငါညစ်ပတ်အောင်လုပ်လိုက်တာနဲ့ သူတို့တွေ ငါ့အနားမကပ်ရဲကြတော့ဘူး။"
"'အမေ'ဆိုတာက ပိုကြောက်ဖို့ကောင်းတယ်လို့ ရှစ်ဖူပြောတာ ငါကြားဖူးတယ်၊ ဟုတ်လား။"
"မသိဘူးလေ၊ ငါ့မှအမေမှမရှိတာ၊ ငါ့ရှစ်ဖူပြောတာတော့ ငါက ကျောက်တုံးအကွဲကြားက ခုန်ထွက်လာတာတဲ့။"
"ဟားဟားဟား မင်းက စွန်းဝူခုန်းလား၊ ဒါဆို ငါ ဆရာတော်ထန်လုပ်မယ်လေ၊ ဒါပေမယ့် ကလေးတွေက မမွေးခင် ကောင်းကင်ပေါ်မှာနေကြတာလို့ ငါ့ရှစ်ဖူပြောတယ်။"
ကလေးနှစ်ယောက်၏ ဖြူစင်မှုကို ဤတောအုပ်ကြီးက ထိန်းသိမ်းလို့ထားပါသည်။
နောက်ဆုံးနေ့ဖြစ်သော်လည်း သူမတို့ သူ့ကိုရှာမတွေ့သေး၊ လင်ရှီး၏နှလုံးသားမှာ တဖြည်းဖြည်းချင်း ချောက်နက်ကြီးထဲ အိကျလာသည့်အလား။ သူမကလေးက အသက်ရှင်နေသေးသည်ဟု အော်မုန့်ရွှယ်ပြောခဲ့သည်ကို ကြားကတည်းက သူမ ထိုကလေးလေးကို တွေ့ရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ခြင်းဖြစ်သည်။ ကံကြမ္မာက သူမကို ကစားနေတာပဲဖြစ်ရမည်!!