အပိုင်း (၁၁၁) အနုပညာသတင်းထောက်။
"လင်ရှီး!" သူမ လေ့ကျင့်ခန်းထဲ ဝင်လိုက်သည်နှင့် ရှုးထင်ထင်က ခေါ်လာ၏။
"ထင်ထင်ကျဲ၊ ဘာဖြစ်လို့လဲ။"
"တို့ မနေ့ညက သေချာစဉ်းစားပြီးသွားပြီ၊ မင်း တို့ကို တစ်လ အချိန်ဆွဲပေးထားရင်တောင် နောက်ဆုံးတော့ ကွာရှင်းဖြစ်မှာပဲလေ၊ ဒါကြောင့်မို့လို တို့ သူ့ကို ဝန်ခံလိုက်တော့မယ်၊ ဘာပဲဖြစ်ဖြစ်ပါ အရင်ကကိစ္စတွေ စိတ်ထဲမထားပဲ တို့ကို ကူညီပေးတာ ကျေးဇူးတင်ပါတယ်၊ ဒီကြင်နာမှုအတွက် တို့ မင်းကို ကျေးဇူးပြန်ဆပ်ပါ့မယ်။"
"ရှင်က ဘာကိုဝန်ခံချင်တာလဲ။"
ရှုးထင်ထင်မှာ လင်ရှီးက ယောင်္ကျားလေးဟန်ဆောင်ခဲ့ကြောင်းကို သူများကို ပြောလိုက်မည်ကို စိုးရိမ်နေသည်ဟုထင်သွား၍။
"မပူပါနဲ့၊ မင်းကိစ္စကို လျှို့ဝှက်ထားဖို့ တို့ကတိပေးတယ်၊ တို့သူ့ကို ပြောလိုက်မှာကကွာ၊ သူ့ကိုဆွဲထားဖို့ 'ကိုယ်ဝန်အတု'ရှိနေပြီဆိုပြီး မင်းကို တို့က ပြောခိုင်းတာလို့။"
"'ကိုယ်ဝန်အတု'လို့ ရှင့်ကိုဘယ်သူကပြောတုန်း။" လင်ရှီးက မကျေမနပ်ဖြစ်သွားချင်ယောင်ဆောင်လိုက်သည်။
ရှုးထင်ထင်မှာ ခေတ္တမျှကြောင်သွားပြီး တီးတိုးပြော၏။
"မဟုတ်ဘူးလား။"
လင်ရှီးက ကူကယ်ရာမဲ့ဟန်ဖြင့် လက်ပိုက်လိုက်ရင်း။
"မဟုတ်ဘူးလေ! ရှင့်ဗိုက်ထဲမှာ တကယ်ကလေးရှိနေပြီ! ရှင် အခု သွားစစ်ကြည့်ရင် ရှင့်ခန္ဓာကိုယ်အခြေအနေကြောင့် စစ်လို့ရမှာမဟုတ်ဘူး၊ ဒါကြောင့် တစ်လလောက်နေမှစစ်လို့ ကျွန်မပြောခဲ့တာ။"
ရှုးထင်ထင်မှာ ရုတ်တရက် မျက်လုံးများဝိုင်းစက်သွားရကာ ကြက်သေသေသွားသည်။
"မင်း...မင်း..မင်းဘာပြောလိုက်တယ်၊ လင်ရှီး တို့ကိုနောက်နေတာလား။"
"ဟီးဟီး..ရှင် ဘယ်လိုထင်လဲ။" လင်ရှီးက ဉာဏ်များနေပုံဖြင့် မေးသည်။
ရှုးထင်ထင်က စိတ်အေးသွားဟန်ဖြင့်။
"မင်းနောက်နေတယ်ဆိုတာ တို့သိသားပဲ။"