Kiss Husband - 86
အပိုင်း (၈၆) ကျိုးကြောင်းမဆီလျော်သော တောင်းဆိုချက်။
"ကြယ်ပွင့်များနှင့်ကခုန်ခြင်းဘုရင်"အစီအစဉ်မှာ ဖြည်းဖြည်းချင်း အဆုံးသတ်ရန် နီးကပ်လာချေပြီ။ တစ်ချီထုတ်ပယ်ပြီးနောက်တွင် လင်ရှီး၏အဖွဲ့မှာ လူငါးယောက်၊ ယွီကျားယင်အဖွဲ့တွင် လူလေးယောက်နှင့် ရှုးထင်ထင်အဖွဲ့တွင် လူသုံးယောက်သာ ကျန်ရစ်ခဲ့လေသည်။
ပွဲက ပိုပြင်းထန်လာပြီး စစ်ပွဲမှာ ကျရောက်အံ့ဆဲဆဲ။
"မုန့်ရွှယ် ငါ့ကို အဲဒီသေတ္တာလေး ယူလာပေးပါဦး၊ နင်ကိုယ်တိုင် သယ်ခဲ့နော်၊ အထဲကပစ္စည်းတွေက အရေးကြီးတယ်။"
"မုန့်ရွှယ် ငါ့ကို 'Blue' အချိုရည် ၆ဘူးလောက် သွားဝယ်ပေးပါဦး။"
"မုန့်ရွှယ် နင်က ငါ့လက်ထောက်ဆိုတော့ အလုပ်ကို အလေးထားရမယ်နော်၊ မဟုတ်ရင် သူများတွေ နင့်ကို ဆူလိမ့်မယ်၊ ငါ လုပ်နေတာတွေက နင်ကောင်းဖို့အတွက်ပဲလေ။"
"မုန့်ရွှယ်...မုန့်ရွှယ်..."
အိပ်ပျော်နေချိန်တွင်ပင် အော်မုန့်ရွှယ်မှာ လင်ရှီးက သူမအား အစေခံတစ်ယောက်လို ခိုင်းစေနေသည်ဟု အိပ်မက်မက်လေသည်။
ဒီရက်ပိုင်းတွင် လင်ရှီး ဆေးစားမှားသွားလိုမျိုး သူမ အမြဲခံစားခဲ့ရသည်။ လင်ရှီးမှာ ညစ်ပတ်သည့်အလုပ်များအားလုံးကို မိမိကိုသာ ခေါ်၍ခိုင်းခဲ့၏။ သူမရင်ထဲ အမုန်းတရားများ နက်နက်ရှိုင်းရှိုင်း ဖွဲ့တည်လာသော်လည်း မိမိကိုယ်ကို သည်းခံရန်သာ ထပ်ခါထပ်ခါ ပြောနေနိုင်သည်၊ လင်ရှီး ကမ္ဘာကျော်သရုပ်ဆောင် ဖြစ်လာသည်ကို စောင့်ပြီးမှ သူမကို သတ်ပစ်၍ ရသည်။
လင်ရှီး...။
"ကျားယန်ကော၊ လင်ရှီးက မှတ်ဉာဏ်ပြန်ရလာပုံမပေါ်သေးဘူး၊ ကျွန်မတို့ ဒီတိုင်းဆက်စောင့်နေလို့မဖြစ်တော့ဘူး!"
"မုန့်ရွှယ် မင်းဒီအတောအတွင်း အလုပ်ကြိုးစားခဲ့ပါတယ်၊ စိတ်ချ၊ မင်းကို လျော်တဲ့အနေနဲ့ ပိုက်ဆံကောင်းကောင်းပေးမယ်။"
"အလုပ်ကြိုးစားရတာက ဘာမှမဖြစ်ပါဘူး၊ ကျွန်မ မတရားခံရသလို ခံစားရရုံပါ၊ သူမှတ်ဉာဏ်ပျောက်သွားကတည်းက တခြားတစ်ယောက် ပြောင်းသွားသလိုပဲ၊ အခု ကျွန်မကို နေ့တိုင်း အစေခံလို ခိုင်းစားနေတာ။"