Kiss Husband - 140
အပိုင်း (၁၄၀)
"ကျွန်တော်တို့မတွေ့ရတာတောင် နှစ်တွေတော်တော်ကြာပြီနော်၊ ခင်ဗျား ဒီလောက်ပြောင်းလဲသွားလိမ့်မယ် မထင်ထားဘူးဗျာ၊ စကားမစပ် ခင်ဗျား အခုဘာအလုပ်တွေလုပ်နေလဲ။"
သူ ထိုသို့မေးလိုက်သောအခါ လင်ရှီးမှာ သူက ပါပါရာဇီဟုတ်မဟုတ် စတင်သံသယဝင်လာတော့သည်။
သူမ ပါပါရာဇီနဲ့ ဝင်တိုးလောက်တဲ့အထိ "ကံကောင်း"နေတာလား။
"အားနာပါတယ်၊ ကျွန်မ လုပ်စရာလေးရှိနေသေးလို့၊ အခွင့်ကြုံခဲ့ရင် နောက်တစ်ခေါက်မှ စကားပြောကြတာပေါ့။"
လင်ရှီး သွားရန်ပြုချိန်တွင် မုန့်ယန်က သူမနောက် လိုက်လာသည်။
"နေပါဦး၊ ကျွန်တော် မတော်တဆ ခင်ဗျားနံပါတ်ပျောက်သွားလို့၊ ထပ်ပေးလို့ရမလား "
သူ ချက်ချင်း သူ့ဖုန်းကို ကမ်းပေးလိုက်သည်။
တိုက်ဆိုင်စွာပင် ထိုအချိန်၌ မုန့်ကျင်းယွဲ့မှာ သခင်မကြီးကို ကူတွဲပေးလျက် လျှောက်လာသည်။
"ကော၊ ဖုန်းခေါ်တာ တော်တော်ကြာတာပဲနော်။"
လင်ရှီး၏နောက်ကျောမှာ တောင့်ခဲသွားရသည်။ အဲဒါ ရှုးထင်ထင်တူမလေးရဲ့အသံ မဟုတ်လား။
ဘာလို့ သူမ ဖြစ်နေရတာလဲ။
ထို့အပြင် ခုနလေးက သူမ "ကော"ဟု ခေါ်လိုက်သူမှာ လင်ရှီးရှေ့တွင်ရပ်၍ စကားပြောနေသောအမျိုးသား ဖြစ်သည်။
မဟုတ်သေးဘူး၊ သူမ အာရုံစိုက်သည့်အချက် မှားနေပြီထင်သည်။ အဓိကအချက်မှာ ရှုးထင်ထင်က သူမကို အခွင့်အရေးကောင်းကောင်းပေးခဲ့သည်။ ပိုင်ထျန်းချီက ပြည်ပထွက်သွားပြီဟု သူမ မုန့်ကျင်းယွဲ့ကို ပြောခဲ့၏။ မုန့်ကျင်းယွဲ့ လင်ရှီးကို မှတ်မိသွားလျှင် ရှက်စရာကောင်းပေမည်။
ဘာလို့ ဒီလောက်တောင်တိုက်ဆိုင်နိုင်ရတာတုန်း။
"ကော ဒါဘယ်သူလဲ။"
မုန့်ကျင်းယွဲ့က မိမိကိုမေးလာသည်ကို ကြားလျှင် လင်ရှီးမှာ မှတ်မိခံရခြင်းမှ ရှောင်ရှားနိုင်ရန်အလို့ငှာ အကောင်းဆုံးကြိုးစား၍ ခေါင်းငုံ့ထားလေသည်။