Kiss Husband - 47
အပိုင်း (၄၇) အခွင့်အရေး။
ရွှီယိကျစ် မီးပိတ်ကာ လှဲချလိုက်သည်နှင့် လင်ရှီးက သူ့ဆီသွားလိုက်သည်၊ သို့သော် သူမက အတင့်တော့မရဲသေးပေ၊ သို့ဖြင့် သူမ သူ့ဘေးသို့သာ တိုးကပ်သွားကာ မသိမသာ ပွတ်သီးပွတ်သပ်လုပ်နေသည်မှာ ပုစွန်ကွေးလေးတစ်ကောင်အလား။
"ကျွန်မကို လက်မောင်းလေးငှားနော်။"
ရွှီယိကျစ် တောင့်ခဲသွားသည်။ အခုက ဘာအခြေအနေကြီးလဲ၊ သူ့အတွက် 'မြေခွေး'တစ်ကောင်ဖြစ်သွားဖို့ အရမ်းလွယ်ကူလွန်းနေသည်၊ သို့ကြောင့် သူ သူမဆီမှ လက်မအနည်းငယ်ခန့် ရွှေ့သွားသည်။
"ယိကျစ်၊ ကျွန်မမှာ မျက်နှာတွေမမြင်နိုင်တဲ့ရောဂါ ရှိတယ်။"
ရွှီယိကျစ်က ထပ်မရှောင်တော့၊ သူ့မျက်လုံးများက အမှောင်ထဲတွင် တောက်ပလို့နေသည်၊ သူမက သူ့အားပြောပြလာသဖြင့် ဝမ်းသာနေသည်။
"အင်း ကိုယ်သိပါတယ်။"
လင်ရှီးက အံ့အားတသင့်မေးလိုက်သည်။ "ရှင်ဘယ်လိုသိတာလဲ။"
"လင်ရှီး။" ရွှီယိကျစ်က တုံ့ဆိုင်းနေသည်။
လင်ရှီးက သူမအေးဂျင့်နှင့် ဆက်ဆံရေးကောင်းတာ သူသိသည်၊ အော်မုန့်ရွှယ်ကို သူမ၏ လက်ထောက်အသစ်အဖြစ် ရွေးခြယ်ထားသည်ကိုလည်း သူ ကြားမိသည်။ အကယ်၍ သူတစ်ခုခုပြောလိုက်လျှင် သူတို့ဆက်ဆံရေးကို စော်ကားသလိုများ ဖြစ်သွားလေမလား။
"ဟမ်?"။ ဘာလို့စကားဆက်မပြောတော့တာလဲ။
"မင်း...အော်မုန့်ရွှယ်ကို သတိထားပါ၊ မျက်စိမှိတ်ပြီး မယုံလိုက်နဲ့။"
သူ ထိုသို့ပြောသည်ကို ကြားသောအခါ လင်ရှီး၏ရင်ထဲ တည်ငြိမ်နေလျက်၊ အော်မုန့်ရွှယ်အကြောင်းဖြစ်နေတာကိုး။
"ဟုတ် ကျွန်မသိပါပြီ။"
သူမ စကားဆုံးသည်နှင့် အိပ်ချင်စိတ်က ဖြည်းဖြည်းချင်း တိုးဝင်လာပြီး အိပ်မောကျသွားလေတော့သည်။
.....
စိမ်းစိမ်းစိုစို သစ်ရွက်များအကြား တောက်ပသောနေရောင်ခြည် စီးဝင်လာသည်၊ ကိုယ်ပေါ် နွေးထွေးသောနေရောင်ခြည်က ဖြာကျနေလျက် သစ်ပင်ပေါ်က ငှက်ကလေးများ၏ သာယာသောတေးဆိုသံက ပျံ့လွင့်နေပါသည်။