Kiss Husband - 116
အပိုင်း (၁၁၆) ဧကန္တ ပထမလား?
ချီကျင့်ယွီမှာ ကြောင်အ,စွာဖြင့် စင်ပေါ်သို့ ကြည့်နေသည်၊ သူက စွဲလန်းယစ်မူးသွားသောအကြည့်ဖြင့် စိတ်လှုပ်ရှားစွာ ပြောလေသည်။
"ကော ကျွန်တော် ဘယ်လိုလုပ်ရပါ့၊ ကျူးပစ်ကတော့ ကျွန်တော့်နှလုံးသားတည့်တည့်ပစ်သွားပြီဗျာ၊ မရီးက သိပ်ချောတာပဲ၊ ကော အဲဒီလှည့်တာ မြင်လိုက်လား၊ အားး ဘုရားရေ!!"
ရွှီယိကျစ်၏တကိုယ်လုံးက ချက်ချင်းအေးစက်လို့လာပြီး မကောင်းဆိုးဝါလိုအသံက ချီကျင့်ယွီ၏နားထဲ ပျံ့လွင့်လာသည်။
"ကြည့်ရတာ ကျူးပစ်ရဲ့မြားပစ်စွမ်းရည်က သိပ်မကောင်းတဲ့ပုံပဲ။"
ချီကျင့်ယွီ ခေတ္တမျှတုန်ယင်သွားမိသည်။ သူ့နံဘေးတွင် ထိုင်နေသူက ရှာလကာရည်ဘုရင်ကြီးဖြစ်ကြောင်း သူ မေ့သွားသည်၊ သူ ခြေထောက်များကို တောင့်တောင့်ကြီး မြှောက်လိုက်ရ၏။
"ဟိုဟာ ဘာပါလိမ့်...ကျွန်တော် ရုတ်တရက်ကြီး အပေါ့သွားချင်လာလို့၊ သန့်စင်ခန်းသွားလိုက်ဦးမယ်နော်။"
မျက်တောင်တစ်ခတ်အတွင်း သူ "အန္တရာယ်ဇုန်"မှ လှစ်ခနဲပြေးသွားပြီး ထောင့်တစ်ထောင့်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ်သောက်နေလေသည်။
"ခုနေ မရီးကတာ ပြီးလောက်ပြီမဟုတ်လား၊ ငါ သွားကြည့်လိုက်ဦးမယ်။"
သူ စီးကရက်ဖင်စီကို မီးသတ်လိုက်ပြီးသည်နှင့် စင်နောက်သို့ လျှောက်သွားလိုက်သည်။ သူ့၏ချောမောကာ ဆွဲဆောင်မှုရှိသောရုပ်ရည်ကြောင့် လမ်းတစ်လျှောက်တွင် မည်သည့်ဝန်ထမ်းကမှ သူ့ကို တားဆီးရန် မကြိုးစားကြပေ။
"လူနာတင်ယာဉ်ခေါ်ကြပါဦး၊ မစ္စလင်ရှီး စင်ပါ်ကဆင်းတာနဲ့ မူးလဲသွားလို့၊ မြန်မြန် မြန်မြန်!!"
သူတို့၏ စိုးရိမ်နေကြသောအသံများကို ကြားသောအခါ ချီကျင့်ယွီ စိတ်ပူလာရသည်၊ မရီး ဘာဖြစ်သွားတာတုန်း။
သို့နှင့် သူ ချက်ချင်း သူတို့နောက်သို့ လိုက်သွားလိုက်သည်။